အောင်သပြေတိုးလ်ဂိတ် ရွှေ့ပြောင်းပေးရန် ဒေသခံများ စုပေါင်း တင်ပြသွားမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အောင်သပြေတိုးလ်ဂိတ် ရွှေ့ပြောင်းပေးရန် ဒေသခံများ စုပေါင်း တင်ပြသွားမည်

စိုင်းရာဇာ
.
တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့ရှိ အောင်သပြေ တိုးလ်ဂိတ်အား တောင်ကြီးမြိုနယ် အစပ်သို့ ရွှေ့ပြောင်း ပေးနိုင်ရေးအတွက် ဒေသခံများက ရှမ်းပြည်နယ်အစိုးရသို့ စုပေါင်း၍ တင်ပြသွားရန် စီစဉ်နေပြီး သဘောထားနှင့် လက်မှတ်များ စုစည်းနေကြောင်း သိရသည်။
.
အောင်သပြေ တိုးလ်ဂိတ်အား ရွှေ့ပြောင်းပေးနိုင်ရန် ဆန္ဒရှိသော ဒေသခံများ စာရင်းတွင် မတ်လ ၂၉ ရက်အထိ လူဦးရေ ၃၀၀၀ ကျော် ရှိနေပြီ ဖြစ်ကြောင်းလည်း သိရသည်။
.
“ တိုးလ်ဂိတ် စ ဆောက်ကတည်းက မသင့်တော်ဘူး ရွှေ့ပေးပါလို့ တင်ပြခဲ့ဖူးတယ်။ ဒေသခံတွေက ၄ ကြိမ်တိတိ တင်ပေမယ့် ထိရောက်တဲ့ ဖြေရှင်းပေးမှု ဘာမှ မရခဲ့ဘူး။ နောက်ဆုံးတော့ သဘောတူညီချက် ၁၀ ချက် ရခဲ့တယ်။ ဂိတ်လည်း မရွှေ့ဘူး၊ ဒေသခံကားတွေကိုလည်း နှစ် ၄၀ အခမဲ့ ဖြတ်သန်းခွင့် ပေးမယ်လို့ သဘောတူညီချက် ရခဲ့တယ်။ အခုတော့ အစည်းအဝေး ဆုံးဖြတ်ချက်အရ ဆိုပြီး လမ်း အသုံးပြုခ ပေးဆောင်ရမယ်ဆိုတာ သိတယ်။ ဂိတ်က ရွှေ့မှပဲ အဆင်ပြေမယ်။ တဖြည်းဖြည်း ကားတွေလည်း များလာတယ်။” ဟု တိုးလ်ဂိတ် ရွှေ့ပေးရန် တောင်းဆိုရန် ဦးဆောင်မည့် ဦးကျော်အေးက က‌မ္ဘောဇတိုင်းသို့ ပြောသည်။
.

အဆိုပါ အောင်သပြေ တိုးလ်ဂိတ်တွင် ဧပြီလ ၁ ရက်မှ စတင်၍ ရွှေညောင်နှင့် အေးသာယာမြို့များမှ ဒေသခံ အိမ်စီး မော်တော်ယာဉ်များအား၂၄ နာရီအတွင်း လမ်းဖြတ်သန်း အသုံးပြုခ တစ်ကြိမ် ပေးဆောင်ရန်နှင့် ဒေသခံ စီးပွားရေးလုပ်ငန်းသုံး ယာဉ်များအား ၂၄ နာရီအတွင်း လမ်းဖြတ်သန်းအသုံးပြုခ ၂ ကြိမ် ပေးဆောင်စေရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် တောင်ပေါ်ဒေသ လမ်း ဆောက်လုပ်ရေးကုမ္ပဏီက တာဝန်ရှိသူများမှ မတ်လ ၂၃ ရက်တွင် ညှိနှိုင်း ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
 “ ဧပြီ ၁ ရက်က စ ကောက်မယ့် အစီအစဉ်ကိုတော့ ရက် ရွှေ့ဆိုင်းထားတယ်။ ရောဂါ အခြေနေကြောင့်ပါ။ ကျန်တာတွေကတော့ အစိုးရအဖွဲ့က ဆုံးဖြတ်ပေးမှာပေါ့။ အစိုးရ ဒီနေရာမှာ ထားပါဆိုလို့ ထားတာပါ။ အရင်တုန်းကတော့ လမ်းကလည်း ၂၄ ပေ၊ ပထမ သဘော တူခဲ့တာက ဒေသခံ ယာဉ်တွေကို ကင်းလွတ်ခွင့် ပြုဖို့၊ ဒေသခံ ယာဉ်စီးရေတွေကို စာရင်းပြုစုပေးမယ်ပေါ့။ ဒေသခံ ယာဉ်ကတ်တွေ တပ်ပြီး သွားမယ်ပေါ့။ အစိုးရဘက်ကလည်း ဒေသခံ ယာဉ်စာရင်းတွေကို မပေးနိုင်ဘူး ဟု အောင်သပြေ တိုးလ်ဂိတ်မှ ဦးမိုးမြတ်အောင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
တောင်ပေါ်ဒေသ လမ်း ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိသော အောင်သပြေ တိုးလ်ဂိတ်ကို  တောင်ကြီးမြို့နယ်နှင့် ကလောမြို့နယ် အစပ်တွင် ရွှေ့ပြောင်းပေးရန် ဒေသခံ ပြည်သူများက ဆန္ဒ ရှိနေကြပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ တောင်းဆို တင်ပြရန် အရေးပေါ် စီစဉ်နေကြောင်း သိရသည်။
.
မိတ္ထီလာ - တောင်ကြီး - ကျိုင်းတုံ - တာချီလိတ်လမ်း၏ အစိတ်အပိုင်း ဖြစ်သည့် ကလော - တောင်ကြီးလမ်းပိုင်းကို ၄၈ ပေအကျယ် ၂ လမ်းမောင်း(၄ လမ်းသွား) ကတ္တရာကွန်ကရစ် AC လမ်း အဖြစ် တောင်ပေါ်ဒေသ လမ်းဆောက်လုပ်ရေးကုမ္ပဏီလီမိတက်က အဆင့် မြှင့်တင်ခဲ့ခြင်း ဖြစ်ပြီး ကလော - တောင်ကြီးလမ်းအရှည် ၄၅ မိုင်အတွက် စုစုပေါင်း ကုန်ကျငွေ ၇၆ ဒသမ ၅ ဘီလီယံ ရှိကာ လမ်းအသုံးပြုခ ကောက်ခံခြင်းကို ကလော- အောင်ပန်းကြားနှင့် ရွှေညောင်မြို့၊ အောင်သပြေ ရပ်ကွက်တို့တွင် တိုးလ်ဂိတ် ဖွင့်လှစ်၍ ကောက်ခံနေခြင်း ဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats