ကျိုင်းတုံ ညစျေးတန်းကို ဧပြီလကုန်ထိ ပိတ်သိမ်းရန် စည်ပင်က ညွှန်ကြားထား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Monday, March 30, 2020

ကျိုင်းတုံ ညစျေးတန်းကို ဧပြီလကုန်ထိ ပိတ်သိမ်းရန် စည်ပင်က ညွှန်ကြားထား

ထက်တိုင်းကျော် 

.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့ရှိ ညစျေးတန်းကို COVID-19 ရောဂါကူးစက်မှု ကာကွယ် ထိန်းချုပ် နိုင်ရေးအတွက် လာမည့် ဧပြီလ ၃၀ရက်နေ့ထိ ပိတ်ထားသိမ်းထားရန် စည်ပင်သာယာရေးဌာနက မတ်လ ၂၉ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။
.
ရှမ်းပြည်နယ်အစိုးရနှင့် ပြည်နယ်စည်ပင်သာယာဌာန၏ ညွှန်ကြားချက်အရ COVID-19 ကူးစက်မှု ရောဂါထိန်းချုပ်ရေးအတွက် ဆောင်ရွက်ရခြင်း ဖြစ်သည်ဟု အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။
.
 "ကျွန်တော့်ဆိုင်မှာ နေ့စား အလုပ်သမား ၇ ယောက်ရှိပါတယ်။ သူတို့ကို မှီခိုနေရတဲ့ မိသားစု စရိတ်အတွက်တော့ အခက်အခဲ ဖြစ်မှာပါ။ ခုလို အချိန်မှာတော့ ညစျေးတန်း အလုပ်သမားအတွက် တခြား အလုပ်လည်း ရှာဖို့ မလွယ်လောက်ပါဘူး"ဟု ကျိုင်းတုံမြို့နယ် အားကစားကွင်း အနီးရှိ ညစျေးတန်း ဖွင့်လှစ်ရောင်းချနေသူ တစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်
.

ထို့အတူ ကျိုင်းတုံ ဒေသခံတစ်ဦးမှလည်း "ဒီ ရောဂါကတော့ ကျွန်မတို့လို နိုင်ငံအတွက် နူရာ ဝဲစွဲ မွဲရာ သူခိုးထောင်း ဆိုသလိုပါပဲ။ သာမန် နေ့စား အလုပ်သမားတွေအတွက် အလုပ်အကိုင် ရှားပါးပြီး သူခိုး သူဝှက်တွေ ပေါလာနိုင်ပါတယ်"ဟု ၎င်း၏အမြင်ကို ပြောသည်။
.
ကျိုင်းတုံမြို့နယ်တွင် ပြည်ပနိုင်ငံများမှ ပြန်လည်း ရောက်ရှိလာသူများကို သက်ဆိုင်ရာ ရပ်ကွက် ကျေးရွာများရှိ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းများတွင် အသွားအလာ ကန့်သတ်၍ စောင့်ကြည့်ခြင်းကို ဆောင်ရွက်နေပြီး ဘာသာရေး အဆောက်အဦများ ၊ ဘိုးဘွားရိပ်သာ ၊ မြို့မစျေးနှင့် ၊ ယာဉ် အဝင်/အထွက်ဂိတ်များတွင် COVID-19 ရောဂါ ကာကွယ်ရေးအတွက် ပိုးသတ်ဆေးများ ပက်ဖျန်းခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About