.
ဖောင်တော်ဦး ဘုရားက ဆရာတော်ကြီးတွေနဲ့ ဂေါပက လူကြီးတွေက အစည်းအဝေး ထိုင်ပြီး မတ်လ ၂၈ ရက်က ဝင်ပေါက် တစ်ပေါက်ပဲ ဖွင့်ထားခဲ့ပြီးတဲ့နောက် ဒီနေ့ မတ်လ ၂၉ ရက်က စပြီး ပိတ်ခဲ့တဲ့ အပြင် နန်းပန် ကျေးရွာက အလိုတော်ပေါက်ကျောင်းကိုလည်း ပိတ်ထားတယ်လို့ ဟု ရှမ်းပြည်နယ် အစိုးရ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးစိုးညွန့်လွင်က ပြောပါတယ်။
.
ရှမ်းပြည်နယ် အတွင်းက အထင်ကရ ဘုရားတွေ ဖြစ်တဲ့ ဟိုပုံးမြို့နယ်က ထန်းစမ်းလှိုဏ်ဂူ၊ ကျောက်တလုံးကြီးမြို့က ကက္ကူဘုရားနဲ့ ပင်းတယမြို့က ရွှေဥမင်လှိုဏ်ဂူ တို့ကို မတ်လ ၂၈ ရက်က စတင်ပြီး ပိတ်ထားခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။
.
COVID-19 အတည်ပြုလူနာ ၈ ဦး အနက် လူနာအမှတ်(၈) ဖြစ်တဲ့ အသက် ၆၀ နှစ်အရွယ် အမျိုးသမီးနဲ့ အတူ ပါလာတဲ့ ပြင်သစ်နိုင်ငံသားတွေ သွားရောက် လည်ပတ်ခဲ့တဲ့ ကလောမြို့က HiLL top Villa ဟိုတယ်နဲ့ ညောင်ရွှေမြို့က GIC One ဟိုတယ် နှစ်ခုနဲ့ စားသောက်ဆိုင်တွေကို ဆေးဖြန်းတာ၊ Lock Down ပြုလုပ်တာနဲ့ ဟိုတယ် ဝန်ထမ်း အားလုံးကို Hotel Quarantine ပြုလုပ်ထားပြီး ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတွေ ပြုလုပ်ပေးနေတယ်လို့ သိရပါတယ်။
.
ရှမ်းပြည်နယ် အစိုးရအနေနဲ့ ကျန်းမားရေး စောင့်ရှောက်မှု လုပ်ငန်းတွေကို အရှိန်အဟုန် မြှင့် ဆောင်ရွက်နေလျက်ရှိပြီး ပြည်သူတွေ အနေနဲ့ သတိရှိရှိနဲ့ မိမိရဲ့ ပတ်ဝန်းကျင်မှာ သံသယ ရှိသူတွေကို သက်ဆိုင်ရာ ရပ်ကျေးအုပ်ချူပ်ရေးမှူးကနေ တစ်ဆင့် အနီးစပ်ဆုံး ဆေးရုံတွေကို အကြောင်းကြားပေးဖို့ အတွက် ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ အထူး မေတ္တာရပ်ခံ တိုက်တွန်းထားပါတယ်။