နမ့်စန်မြို့ကို တစ်ပတ် ၂ ကြိမ် လေယာဉ် ပျံသန်း ပြေးဆွဲဖို့ စီစဉ်နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

နမ့်စန်မြို့ကို တစ်ပတ် ၂ ကြိမ် လေယာဉ် ပျံသန်း ပြေးဆွဲဖို့ စီစဉ်နေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့ကို မြန်မာ့အမျိုးသား လေကြောင်းလိုင်းက တစ်ပတ် ၂ ကြိမ် လေယာဉ် ပျံသန်း ပြေးဆွဲဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
.
လာမယ့် မေလအတွင်းမှာ စတင် စမ်းသပ်ပျံသန်းမှာ ဖြစ်ပြီး ကော်ပိုရေးရှင်း ဖြစ်တာကြောင့် အရှုံးခံ ပြေးဆွဲမှာ မဟုတ်ဘဲ ခရီးသည် ပြည့်မီရေးက အဓိက ဖြစ်လာမှာ ဖြစ်ပြီး တပ်မတော်၊ ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်အစိုးရတို့ရဲ့ အသေးစိတ်ညွှန်ကြားမှုတွေလည်း ကျန်နေသေးပြီး လူထုအတွက် အဆင်ပြေတော့မှာ ဖြစ်တယ်လို့ နမ့်စန်မြို့နယ်မဲဆန္ဒနယ်အမှတ်(၁)က ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလင်းအောင်ဆွေက ပြောပါတယ်။
.

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့က လေတပ်စခန်းဌာနချုပ်အတွင်းမှာ ရှိတဲ့ တပ်မတော်ပိုင် လေယာဉ်ကွင်းကို မြန်မာအမျိုးသားလေကြောင်းလိုင်းက ယာယီအနေနဲ့ တစ်ပတ်ကို ၂ ရက်နှုန်း အဖြစ် ဗုဒ္ဓဟူးနဲ့ တနင်္ဂနွေနေ့တွေမှာ ပျံသန်းပြေးဆွဲနိုင်ဖို့ စီစဉ်ဆောင်ရွက်ပေးမယ်လို့ သိရပါတယ်။
.
နမ့်စန်မြို့မှာ ၂၀၀၂ ခုနှစ်ကနေ ၂၀၀၇ ခုနှစ်အထိ တစ်ပတ်ကို ၃ ရက်လောက် မြန်မာ့ လေကြောင်းအနေနဲ့ ပျံသန်းပြေးဆွဲခဲ့ပေမဲ့လည်း ခရီးသည် ရရှိမှု နည်းပါးလာတာ၊ လေယာဉ် လုံလောက်မှု မရှိတာတွေကြောင့် ၂၀၀၉ ခုနှစ်မှာ ပျံသန်း ပြေးဆွဲမှု ရပ်ဆိုင်းခဲ့တာ ဖြစ်ပါတယ်။
.
ဒါ့အပြင် မြန်မာ့အမျိုးသားလေကြောင်းလိုင်း အနေနဲ့ လေယာဉ်တွေ အစားထိုး ဝယ်ယူ ဖြည့်တင်းထားတဲ့အတွက် ရန်ကုန်-ဟဲဟိုး-နမ့်စန်-မိုင်းဆတ်-ဟဲဟိုး-ရန်ကုန် ခရီးစဉ်တွေကို ATR လေယာဉ်တွေနဲ့ ပြန်လည် ပျံသန်းပြေးဆွဲပေးဖို့ စီစဉ်ပေးမှာ ဖြစ်တယ်လို့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ဝန်ကြီးဌာနရဲ့ စာမှာ ဖော်ပြထားပါတယ်။
.
နမ့်စန်လေယာဉ်ကွင်းကို မြို့ပြနဲ့ ပုဂ္ဂလိက လေကြောင်းလိုင်းတွေ ပျံသန်းပေးဖို့အတွက် ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေးနဲ့၊ (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွေမှာ ရှမ်းပြည်နယ်လွှတ်တော်ကို ဦးလင်းအောင်ဆွေက တင်ပြ မေးမြန်းမှုတွေ ပြုလုပ်ခဲ့တဲ့ အပြင်၊ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဌာနကိုလည်း စာနဲ့ တင်ပြခဲ့တာတွေ ရှိခဲ့တဲ့အတွက် အခုလို အရပ်ဘက်လေယာဉ်တွေ ပြန်လည် ပြေးဆွဲဖို့ စီစဉ်လာတာ ဖြစ်တယ်လို့ သိရပါတယ်။

Journal Download

Photo of three cats