တောင်ကြီး ရွှေမောင်းတောင်ပေါ်ရှိ တက္ကသိုလ်ပိုင်မြေပေါ်မှ ကျူးကျော် အဆောက်အဦများအား ဖယ်ရှား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီး ရွှေမောင်းတောင်ပေါ်ရှိ တက္ကသိုလ်ပိုင်မြေပေါ်မှ ကျူးကျော် အဆောက်အဦများအား ဖယ်ရှား

တောင်ကြီးမြို့၊ အဝေရာမီးပုံးပျံကွင်းအနီး၊ ရွှေမောင်းတောင်(မြောက်)ပေါ်ရှိ တက္ကသိုလ်ပိုင် မြေပေါ်မှ ကျူးကျော် ဆိုသည့် လူနေအိမ်နှင့် အဆောက်အဦများအား လုံခြုံရေးအင်အား အသုံးပြု၍ သက်ဆိုင်ရာ တာဝန်ရှိသူများမှ ဖယ်ရှား ရှင်းလင်းခြင်းကို ယနေ့(မတ်လ ၂၈)၊ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
.

“သူတို့ ခွင့်ပြုချက်ရလို့ လာနေတာ။ ဦးသန်းဌေးတို့က သူတို့ အမှုနိုင်ပြီလို့ ပြောတယ်။ ဦးလေး ၁၂ သိန်းနဲ့ လာဝယ်ပြီး နေတာပါ။ ဘာမှမသိရဘူး။ လာဖျက်တယ်။ မိသားစုအလိုက် နေရတယ်။ နိုင်ငံတော်အစိုးရကလည်း ကူညီမှု မရှိဘူး။ တကယ်တော့ အားကိုးစရာ မဲ့နေတဲ့ ပြည်သူတွေ ဖြစ်နေတယ်” ဟု ၎င်း မြေနေရာအား ဝယ်ယူနေထိုင်သူ ဦးခမ်းမွန်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထို့အတူ နေအိမ် ဖျက်ဆီးခံရသည့် ဒေါ်သိန်းကလည်း “ ဒီမှာ နေတာ ၁၀ နှစ် ကျော်ပါပြီ။ စပြီးတော့ ဆောက်ကတည်းကလည်း လာ မတားဘူး။ အဲ့တုန်းကလည်း တက္ကသိုလ်မြေ ဆိုပြီး မသတ်မှတ်ဘူး။ ကျွန်မတို့ ဘယ်မှာ သွားနေရမလဲ။ ကိုယ့်မြေပေါ်မှာ ကိုယ်နေတာ။ ကျွန်မတို့ကို ဘယ်သူကမှ မကာကွယ်ဘူး။ အခုမှ ဌာနပေါင်းစုံတွေ ပေါင်းပြီးမှ လာဖျက်နေကြတယ်” ဟု ပြောသည်။
.

တောင်ကြီးတက္ကသိုလ် တိုးချဲ့မြေသည် ၁၉၉၃ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်က သစ်တောရေးရာ ဝန်ကြီး ဌာန၊ ဝန်ကြီးရုံး၏ အမိန့်ကြော်ငြာ စာအရ တောင်ကြီး (ထင်း) ကြိုးဝိုင်း သစ်တော ၅၀၃ ဧကမှ ထုတ်နုတ် ပေးခဲ့သော မြေ ဖြစ်ပြီး တက္ကသိုလ် တိုးချဲ့မြေအဖြစ် ၂၀၀၂ ခုနှစ်တွင် ဧရိယာ ၁၂၀ ဒသမ ၁၆ ဧကအတွက် လ/န (၃၉)၊ ပုံစံ (၁၀၅)၊ (၁၀၆) များ ရရှိခဲ့ကာ ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနအား ၅ ဒသမ ၉၆၉ ဧက ထုတ်နုတ် ပေးအပ်ခဲ့သဖြင့် ၂၀၁၀ ခုနှစ်တွင် ဧရိယာ ၁၁၄ ဒသမ ၁၉ ဧကအတွက် လန (၃၉)နှင့် ပုံစံ (၁၀၅)၊ (၁၀၆) များ ရ ရှိခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ တောင်ကြီးတက္ကသိုလ် တိုးချဲ့နယ်မြေပေါ် တွင် မြေကွက်များ ရိုက်ခြင်း၊ အုတ် တိုင်များ စိုက်ထူခြင်း၊ လူနေအိမ် အဆောက်အဦများ ဆောက်လုပ်နေခြင်းတို့ကြောင့် တက္ကသိုလ်ကျောင်းဝင်း ခြံစည်းရိုး ကာရံရန်အတွက် တောင်ကြီးတက္ကသိုလ် လက်ထောက်အင်ဂျင်နီယာများ၊ ခရိုင်မြေစာရင်း၊ ပြည်နယ်လဝက၊ ပြည်နယ် စည်ပင်သာယာရေးဌာနတို့နှင့် ပူးပေါင်းကာ ၂၀၁၅ ခုနှစ်၊ ဇွန်လ အတွင်းက ပထမအကြိမ် ကွင်းဆင်း တိုင်းတာခဲ့ပြီးဖြစ်ကြောင်း သိရသည်။
.

“ အစည်းအဝေးတွေ ထိုင် စီမံချက်တွေ ဆွဲ၊ နို့တစ်တွေ ကပ်၊ ကပ်နေတာကလည်း နှစ်နဲ့ ချီခဲ့ပြီ။ အဲ့ဒီမှာ သူတို့ မဖယ်တာ။ အခွင့်ရ အာဏာပိုင်ကနေ ၁၉၅၅ အိမ်ဥပစာ နှင်ထုတ်ခြင်း အက်ဥပဒေနဲ့ အသုံးပြုပြီးတော့ ဖယ်ရှားမယ် ဆိုတာလည်း နို့တစ် လာကပ်ပါတယ်။ ဒါပေမယ့် သူတို့က မဖယ်ပါဘူး” ဟု တောင်ကြီးတက္ကသိုလ်၊ စီမံ/ဘဏ္ဍာဌာနမှူး ဒေါ်နန်းခမ်းက ပြောသည်။
.
ရွှေမောင်းတောင်(မြောက်)တွင် နေထိုင်သူ ဒေါ်သင်းသင်းဦးမှ “အင်အားကြီးနဲ့ အင်အားငယ်ဆိုတော့ ဘာပြောနိုင်မှာလဲ။ ဘယ်လောက်ပဲ မှန်မှန် တက္ကသိုလ် ပိုင်မြေကို တောင်းကြည့်တယ်။ အခွင့်ရအာဏာပိုင်စာကို တောင်းကြည့်တယ်။ သူတို့ ဘာမှ မပြနိုင်ဘူး။အမေစုကိုလည်း အသနားခံစာ တင်လိုက်တယ်။ ဘာမှ မထူးဘူး။ သူတို့က ကျူးကျော်ဆိုပြီး လာဖျက်တယ်။ ဘယ်သူ့ကို အားကိုးလို့ အားကိုးရမှန်း မသိဘူး” ဟု ပြောသည်။ 
.

ယင်းမြေ နေရာတွင် တောင်ကြီး တက္ကသိုလ် ကျောင်းသား/သူများ အတွက် ဘာသာရပ်ဆိုင်ရာ လက် တွေ့ခန်းများ၊ ကျောင်းသား/သူ အိမ် ဆောင်များ၊ ဆရာ/ဆရာမများအ တွက် ဝန်ထမ်းအိမ်ရာများ ဆောက် လုပ်ရန် ရည်ရွယ် ထားပြီး မြေနေရာရှိ ကျူးကျော်များအား ဖယ်ရှားပေးရန် နို့တစ်စာ ကပ်ပြီး နောက် နေထိုင်သူများမှ အယူခံဝင် ခဲ့သဖြင့် ရန်ကုန်မြို့၊ ဗိုလ်တစ်ထောင်မြို့နယ်ရှိ မြို့ပြနှင့် အိမ်ရာဖွံ့ ဖြိုးရေး ဦးစီးဌာန၌ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်က အယူခံ ကြားနာမှုများ ပြုလုပ်ခဲ့ကာ ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ ၂၀၁၈ ခုနှစ်၊ အယူခံအမှတ် (၃၃၂) အရ အယူခံကို ပယ်ချခဲ့ကြောင်း သိရသည်။
.
တောင်ကြီးတက္ကသိုလ် တိုးချဲ့မြေ ၁၁၄ ဒသမ ၁၉ ဧကပေါ်တွင် သွပ်မိုးသွပ်ကာ နေအိမ် ၃၁ လုံး၊ တဲအိမ် ၁၈ လုံး၊ သွပ်မိုး၊ ထရံကာအိမ် ၂ လုံး၊ သွပ်မိုးအုတ်ကာအိမ် ၂၇ လုံး၊ ဝါးအိမ် ၁ လုံးနှင့် အုတ်ရိုက်ကွင်း  ၁ ကွက်၊ ခြံစည်းရိုးခတ် ၁၄ ကွက်၊ ဖောင်ဒေးရှင်းချ ၁ ကွက်နှင့် သွပ် မိုး၊ ပျဉ်အုတ် ၂ ထပ်အိမ် တစ်လုံး၊ သဲကျင်း ၃ ကျင်း၊ စာသင်ကျောင်း နေရာအတွက် ၁ ကွက်၊ ရပ်ရွာ အကျိုးတော်ဆောင် ကော်မတီရုံးအဖြစ် တစ်ထပ်အုတ်ကာ ၁ လုံး၊ လူငယ် ပရဟိတဓမ္မာရုံ ၁ လုံး၊ ဓမ္မာရုံ မီးဖိုချောင် ၁ လုံး၊ ရေတွင်း တူးသည့် နေရာ ၁ ခု၊ စုစုပေါင်း ၁၀၄ ခု ရှိကြောင်း သိရသည်။

Journal Download

Photo of three cats