.
ဆန်၊ ဆီနဲ့ အဓိက စားသောက်ကုန်တွေ ကုန်ဈေးနှုန်း တည်ငြိမ်ဖို့ အတွက် သတ်မှတ်ထားတဲ့ဈေးထက် မြှင့်ပြီး မရောင်းဖို့နဲ့ ရောင်းတာတွေကို စိစစ်ဖို့ တချို့ပြည်သူတွေက အကြောက်လွန်ပြီး အများကြီး လာဝယ်တာမျိုး၊ မသမာတဲ့ နည်းလမ်းနဲ့ ဝယ်ပြီး နောက်မှ ပြန်ရောင်းတာမျိုးတွေကို မဖြစ်အောင်လို့ စိစစ်ပြီး ရောင်းချပေးဖို့နဲ့ လေ့လာ စိစစ်ပြီး ရောင်းပေးဖို့တွေကို တွေ့ဆုံပွဲမှာ အဓိကထား ဆွေးနွေးခဲ့တယ်လို့ ကလောမြို့နယ် အုပ်ချူပ်ရေးမှူး ဦးခင်မင်းက ပြောပါတယ်။
.
ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင် စီမံကိန်းနဲ့ဘဏ္ဍာရေး ဝန်ကြီး ဦးစိုးညွန့်လွင်က မတ်လ ၂၄ ရက်တုန်းက အောင်ပန်းမြို့ မှာ စားနပ်ရိက္ခာ ဖူလုံဖို့အတွက် စားနပ်ရိက္ခာဖူလုံရေးနဲ့ ဖြန့်ဖြူးရေး ကော်မတီကို ဖွဲ့စည်းပေးခဲ့တယ်လို့ သိရပါတယ်။
.
ကလောမြို့မ ဈေးမှာ ရှိတဲ့ ဆန်ဆိုင်အချို့ဟာမူလပေါက်ဈေးထက် ၄၀၀၀ ကျပ်ကနေ ၇၀၀၀ လောက်အထိ ဈေးတင် ရောင်းချတာတွေ ရှိနေတာကို သိရှိရတာဖြစ်ကြောင်း၊ ဆန်ကို ဈေးတင်ရောင်းတာကို လက်မခံဘဲ ပြည်နယ်အစိုးရကလည်း ဆန်ဈေး တည်ငြိမ်ဖို့ လမ်းညွှန်းထားပြီးဖြစ်ကြောင်းနဲ့ ဆန်ဈေး တည်ငြိမ်ဖို့ ဆန်ကုန်သည်တွေက အချင်းချင်း ထိန်းကျောင်းပေးစေတယ်လို့ ကလောမြို့နယ် အုပ်ချူပ်ရေးမှူး ဦးခင်မင်းက တွေ့ဆုံ့ပွဲမှာ ပြောကြားခဲ့တယ်လို့ သိရပါတယ်။
.
ဆန် လာရောက်ဝယ်ယူကြတဲ့ ပြည်သူတွေကို လိုအပ်တာထက် ပိုမဝယ်ကြဖို့ အသိပညာပေးပြီး စည်းရုံးပြောဆိုပေးရန် လိုအပ်နေပြီး အကန့်အသတ်နဲ့ ရောင်းချတာမျိုးတွေ ပြုလုပ်ပြီး ဆန် သိုလှောင်ထားမှုတွေ မရှိစေဖို့နဲ့ ဈေးနှုန်းတွေကို ထိန်းချုပ်ဖို့ လိုအပ်နေတယ်လို့ လုပ်ငန်းရှင်တွေက အကြံပြု ပြောဆိုနေကြပါတယ်။
.
လက်ရှိမှာ ဆန်ပြတ်လပ်မှု မရှိစေဖို့နဲ့ လုံလောက်မှု ရှိစေဖို့အတွက် ရှမ်းပြည်နယ်အစိုးရက ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။