ဖောင်တော်ဦးဘုရား ရင်ပြင်မှ ဈေးသည်များ ဈေး ပြန်လည် ရောင်းချခွင့် မရပါက ရှမ်းပြည်နယ် အစိုးရရုံးရှေ့တွင် ဆန္ဒဖော်ထုတ်သွားမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဖောင်တော်ဦးဘုရား ရင်ပြင်မှ ဈေးသည်များ ဈေး ပြန်လည် ရောင်းချခွင့် မရပါက ရှမ်းပြည်နယ် အစိုးရရုံးရှေ့တွင် ဆန္ဒဖော်ထုတ်သွားမည်


စုလှိုင်
.
ရှမ်းပြည်နယ်တောင်ပိုင်း၏ အထင်ကရ ဘုရားစေတီ တစ်ဆူ ဖြစ်သော ညောင်ရွှေမြို့နယ်၊ အင်းလေး ဒေသရှိ ဖောင်တော်ဦးဘုရား ရင်ပြင်တွင် ဈေးရောင်းချခဲ့သော ဈေးသည်များအနေဖြင့် ပြန်လည် ရောင်းချခွင့် မရပါက ရှမ်းပြည်နယ်အစိုးရ အဖွဲ့ရုံးရှေ့တွင် ဆန္ဒဖော်ထုတ်သွားမည် ဖြစ်သည်ဟု ဈေးသည်များထံက သိရသည်။
.
အဆိုပါ ဖောင်တော်ဦးဘုရား ရင်ပြင်တော်တွင် အနီးပတ်ဝန်းကျင် ကျေးရွာ ၁၃ ရွာမှ ဒေသခံများက အမှတ်တရ လက်ဆောင်ပစ္စည်းများ ရောင်းချခဲ့ကြခြင်း ဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်မှ စတင်၍ ဈေးရောင်းချခြင်း မပြုရန် တားမြစ် ဖယ်ရှားခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
.
“ဈေး ရောင်းချခွင့် မရတဲ့အတွက် ပတ်ဝန်းကျင်ရွာတွေက ဝမ်းစာရေးအတွက် တော်တော်ကို အခက်အခဲ ဖြစ်နေတယ်။ ဘုရားရင်ပြင်နဲ့ ဆက်စပ်တဲ့ သင့်တော်ရာ တစ်နေရာမှာ ဈေးရောင်းချခွင့် ပြုဖို့ တင်ပြထားတာ ရှိတယ်။ ရေပေါ်ဈေးလည်း ဖော်ဆောင်ပေးမယ် ဆိုပြီး အခုချိန် အထိ ဘာမှ လုပ်ပေးတာ မရှိဘူး။ ဈေးသည်တွေကလည်း အမှတ်တရပစ္စည်း ရောင်းတဲ့နေရာမှာ အတင်းဆွဲ ရောင်းတာမျိုးလည်း ရှိတယ်။ စည်းကမ်းတကျနဲ့ပေါ့ ဒီနေရာမှာ မရောင်းရရင် တစ်နေရာ သတ်မှတ် ပေးစေချင်တယ် ဟု ညောင်ရွှေမြို့ နယ်၊ လယ်ခြေကျေးရွာနေ ဒေသခံ ဦးထွန်းလင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.

ယင်းနေရာတွင် ဈေးပြန်လည် ရောင်းချခွင့် ရရှိရေးအတွက် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်က ဖောင်တော်ဦးဘုရား ပတ်လည်၌ လည်းကောင်း ဇန်နဝါရီလ ၈ ရက်က ညောင်ရွှေမြို့၌ လည်းကောင်း ဆန္ဒ ထုတ်ဖော်ခဲ့ပြီး ဖြစ်သည့်အပြင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံသို့ အကြိမ်ကြိမ် တင်ပြ တောင်းဆိုခဲ့သော်လည်း ပြန်လည်ရောင်းချခွင့် မရရှိသဖြင့် လိုအပ်ပါက တစ်ဦးချင်း ဖြစ်စေ၊ အဖွဲ့လိုက် ဖြစ်စေ ရှမ်းပြည်နယ်အစိုးရ အဖွဲ့ရုံးရှေ့တွင် ဆန္ဒထုတ်ဖော်သွားရန် ရှိနေကြောင်း ၎င်းက ဆက်လက် ပြောဆိုခဲ့သည်။
.
“ကိုယ့်ဘာသာ၊ လူမျိုးအတွက် အရုပ်ဆိုး အကျည်းတန်တာမျိုးလည်း မဖြစ်စေချင်ဘူး။ စားဝတ်နေရေးလည်း ဖြေရှင်းပေးစေချင်တယ်။ ပြည်နယ်အစိုးရ၊ ဂေါပက၊ ဒေသန္တရ ဆိုင်ရာ အားလုံး ညှိနှိုင်း ပေးစေချင်တယ်။ ကျွန်တော်တို့ကိုတော့ ပေး မရောင်းဘူး။ အောက်မှာ ဂေါပက လူကြီးနဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးတို့ ဆိုင်ခန်းတွေ ရှိတယ်။ သူတို့ကတော့ နိုင်ငံတော်အဆင့် အကြီးအကဲတွေ လာရင်လည်း ဖယ်ပေးစရာ မလိုဘူး။ တရား မျှတမှု မရှိဘူးလို့ ယူဆတဲ့ အတွက် တောင်းဆိုတာပါ ဟု ဦးထွန်းလင်းက ပြောသည်။
.
ထို့အတူ အင်းလေးဒေသခံ တစ်ဦးကလည်း “ကျွန်တော့်မှာ ၁၀ တန်း အောင်ပြီး ကလေးတစ်ယောက် ရှိပါတယ်။ စိုက်ပျိုးရေး တက္ကသိုလ် တက်ဖို့ ငွေရေး ကြေးရေးက ခက်ခဲတယ်။ ကျွန်တော့် အမျိုးသမီးက ဆန်ကောလေးနဲ့ ဘုရားရှေ့မှာ လက်ပွေ့ သွားရောင်းတာကို ဂေါပကလူကြီး တွေက ပေးမရောင်းဘူး။ လူ့အခွင့်အရေး ဆုံးရှုံးရပါတယ်ဟု ပြောသည်။
.
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် အင်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဒေါက်တာ ထွန်းလှိုင်အား ကမ္ဘောဇတိုင်းမှ ဆက်သွယ်မေးမြန်းရာ “ဘုရား ပရိဝုဏ်ထဲမှာ မရောင်းရတာက သံဃာတော်တွေ ကန့်သတ်ထားတာ ဖြစ်ပါတယ်။ ဘာသာရေးကိစ္စ ဖြစ်နေတော့ သံဃာတော်တွေရဲ့ ဆန္ဒကို လိုက်လျောရတာ ဖြစ်ပါတယ်။ ဈေးသည်တွေရဲ့ ဆန္ဒကို လိုက်လျောလို့ မရပါဘူး။ တခြား ဘုရား တွေမှာလည်း နိုင်နိုင်နင်းနင်းကို ထိန်းသိမ်းနေရတဲ့ အနေအထား ရှိပါတယ်ဟု ပြန်လည် ဖြေကြားခဲ့သည်။
.
ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဖောင်တော်ဦး မြတ်စွာဘုရားရုပ်ပွားတော် ၅ ဆူကို ဒေသစာရီ ပင့်ဆောင်ရာ၌ ခက်ခဲလာနိုင်သဖြင့် ဘုရားရွှေကပ်ခြင်း တားမြစ်ရန် ရှမ်းပြည်နယ် အစိုးရအဖွဲ့သို့ ၂ဝ၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်က တင်ပြထားကြောင်း ဖောင်တော်ဦးဘုရား ဂေါပအဖွဲ့ထံမှ သိရသည်။

Journal Download

Photo of three cats