လာကောင်း ပြန်ကောင်း သံသရာကောင်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လာကောင်း ပြန်ကောင်း သံသရာကောင်း

ဒေါက်တာအောင်ကျော် (သွား/ဆရာဝန်)

လာကောင်း
.
"ဗျို့ ကိုကြီးအောင်"
.
"ဟေ  ။ အယ်ညွန့်ပါလား။ ဘယ်တုန်းက တောင်ကြီးရောက် နေတာတုံး"
.
"သုံးပတ်လောက်တော့ ရှိသွားပြီ။ လာမယ် လာမယ်နဲ့ မ အားလွန်းလို့ ကိုကြီးအောင်"
.
"ဟ နွေဦးပေါက်လို့ ကိုယ့်မြို့ပြန်ရောက်၊ အပန်းဖြေ နား နားနေနေ မဟုတ်ဘူးလား အယ်ညွန့်ရာ"
.
"အိမ်လာဆောက်တာဆိုတော့ "
.
"အေးအေး နားလည်ပြီ။ ဟိုတစ်ခေတ်တုန်းက မေတ္တာတုံး သူကို အိမ်ဆောက်မဂ္ဂဇင်းထုတ်လို့ အကြံပြုလိုက်တဲ့။ သူ့ဟာ သူ စိတ်ညစ်ပြီး သွေးတိုးနှလုံးရောဂါစုံ ဝင်ပြီး ဒုက္ခများ"
.
"ခုခေတ်လည်း မထူးခြားနားပါပဲ ကိုကြီးအောင်ရေ့။ မှန်း တာထက် နှစ်ဆမက သုံးဆနီးနီး။ မဂ္ဂဇင်းတွေ ဂျာနယ်တွေ လည်း စာပေကျန်းမာရေး မကောင်းကြလို့ တစ်စောင်ပြီး တစ် စောင် ပြုတ်နဲ့"
.
"မင်းမိသားစု ရန်ကုန်နေတာကို ဘာအတွက် အိမ်လာ ဆောက်တာလဲ။ ငှားစားဖို့လား။"
.
"နွေပူပူ နှစ်လလောက် လာပြီး အပူရှောင်ဖို့ပါ ကိုကြီး အောင်"
.
"ကျန်ဆယ်လ အိမ်ပိတ်ထားမယ့် စီမံကိန်းပေါ့။ လူမနေ ရင် အိမ်အိုတယ်ကွ။ ပတ်ဝန်းကျင် မကောင်းရင် အိမ်ဖောက်ခံ ရလို့ ကောင်းပေ့ဖြစ်နေဦးမယ်နော။"
.
"တပည့်ကောင်းတစ်ယောက်တော့ အစောင့်ထားဖို့ စဉ်း စားနေတာ ကိုကြီးအောင်။ ဘုန်းကြီးကျောင်းကိုပါ ဝင်ကန်တော့ ဖို့ လမ်းကြောင်း ဆွဲလာတာ။ ကိုကြီးအောင်ကိုအရင် ဝင်ကန် တော့တာပါ။"
.
နေ့ ၁၁ နာရီနီးပြီမို့၊ ထမင်းပါကျွေးလိုက်၏။ ရုတ်တရက် လမ်းကြုံ ဝင်လာခြင်းမို့ ရှိတာလေးနှင့် မြိန်အောင် စီစဉ်ပေးရ၏။ အင်္ဂလိပ်ကတော့ pot luck တဲ့။ လွယ်ပါ၏။ လက်ဆောင်ရထား သော ငှက်ပျောဖူး အခြေခံ၍ ပသျှူးထမင်း ဖန်တီးလိုက်၏။ ငှက်ပျောဖူး နူပ်နူပ်လှီးကပါရုံမျှသာပါ။ ကြက်သွန်ဖြူထောင်း၊ ငရုတ်ကောင်းမှုန့်၊ ပုစွန်ခြောက်ရေနွေးစိမ်ကား အဓိက။ ကြက် ဥမကျက်တကျက်ကြော် ၂ လုံး၊ ကြက်သွန်မြိတ် နူပ်နူပ်လှီးဖြူး၊ ပင်လောင်းလက်ဖက်ခြောက် ခပ်သော အခါးရည် (ရေနွေး ကြမ်း)နှင့် လိုက်ဖက်သဖြင့် အဝလွေး၏။ မိုးမျှော်စပ်သီး (ငရုတ် သီး)က ရှူးရှဲလေ။
.
အသက် ၃ နှစ်သာ ငယ်သော်လည်း လူတော်တစ်ယောက် ပါ။ ဘွားအေကြီး ဇာတိမိုင်းသောက်အဆက်တွေမို့ ညီဝမ်းကွဲ တော်၏။ သူရော ကျွန်တော်ပါ ညီအစ်ကို ၄ ယောက်စီ ရှိကြ သလို အကြီးဆုံးတွေပါ။ အငယ် ၃ ဦးလုံး ဆုံးကုန်ပြီ။ သူ့ညီ ထွေးရော ကျွန်တော့်ညီထွေးပါ မန်းဆေးတက္ကသိုလ်ဆင်း။ သက်ဆိုး မရှည်ကြ။ အစ်ကိုကြီး တာဝန်ကျေခဲ့သလို၊ မိဘကို လုပ်ကျွေး၊ သားမယားလည်း ကောင်းကြသဖြင့် သူကံကောင်း ပါ၏။ သူ့ကို ကိုယ်ဝန်ရှိကတည်းက စီးပွားတက်၏။ သူဘယ် သူ့ကိုမှ ဒုက္ခမပေးခဲ့စဖူး။ အားလုံးကို သူက ကြည့်ရှုထောက်ပံ့ ခဲ့သည်ချည်း။ လာခြင်းကောင်းသောသူပါတည်း။
.

ပြန်ကောင်း
လာခြင်းကောင်းခဲ့လေ သူဖြစ်ကာ၊ ယခုအသက် ၇၀ နား ကပ်သည်အထိ နေခြင်းလည်း ကောင်း၍ ပြန်ခြင်းလည်း ကောင်းလိမ့်မည်ဟု မျှော်မှန်းရသော ညီတော်မောင် အယ်ညွန့် အကြောင်း ရေးပြခဲ့ပြီးနောက် ကျွန်တော့်တစ်သက်တာတွင် ကြုံဆုံခဲ့ရသူများအနက်၊ လာခဲ့ခြင်း နေခဲ့ခြင်း သိပ်ကြီးမကောင်း ပါသော်လည်း ပြန်ခြင်းကောင်းရန် ဘဝကို အနိုင်ဖြင့် ပိုင်းလေ သူတစ်ဦးအကြောင်း ဖောက်သည်ချပြချင်ပါသည်။ မိဘများ၏ မွေးတပည့် တစ်ဦးအကြောင်းမို့ အတွင်းသိ အစင်းသိ ဓာတ်သိ နှမ်းဖတ်ချဉ်ပါ။ အောင်ပန်းမြို့အနီး၊ ရှေးက စော်ဘွားစော်ခံ၏ ရွာကြီးကြီး၌ မွေးဖွားခဲ့သူ၊ ကိုချစ်မောင်သည် ဆင်းရဲနွမ်းပါးလှ သော မိသားစု၌ လူလာဖြစ်သဖြင့်၊ လိုလားကြိုဆိုမှု အလျဉ်းမရှိ သည့် လူအိုနောက်ကျသားလည်း ဖြစ်ပါ၏။ သူ့ကို သန္ဓေတည် လာစဦးမှာပင်၊ မိသားစုတို့ပို၍ အဆင်မပြေ၊ နာသူသေသူတို့ တွဲဖက်ပါလာသော ကံဆိုးမိုးမှောင်ကြောင့် လာခြင်းဆိုးခဲ့သူဟု အားလုံးက သတ်မှတ်ခဲ့ကြပါ၏။ လူပျိုပေါက်အရွယ်၊ ၁၄ နှစ် သားခန့်အထိ လိန်ကာပိန်ကာ ရွာမှာ အလုပ်ကြမ်း လုပ်ကိုင်ခဲ့ပါ ငြား ထမင်းနပ်မှ မမှန်ရှာခဲ့သူပါ။ တောင်ကြီး၌ ကြိုတင်ရောက်နေ ပြီး စတိုးဆိုင် တစ်ဆိုင်မှာ လုပ်သားအဖြစ် အဆင်ပြေသူ၊ သူ့ အစ်ကို ဝမ်းကွဲ ကိုသန်းအောင် အမှီပြု၍ ကျွန်တော့်မိဘ လုပ်ငန်း မှာ ခေါ်ယူစေခိုင်းခဲ့၏။ တပည့်ဆိုပေသိ၊ လူမွေးကျွေး အဝတ် ဆင် လစာစုဆောင်းပေးသည့် သားတပည့် လူရင်းကဲ့သို့ထား ၏။ လက်ပတ်နာရီ၊ လက်စွပ်၊ ရွှေဆွဲကြိုးများနှင့် တစ်သွေးတစ် မွေး ဖြစ်လာပါသည်။
.
၁၉၆၂ ခုနှစ် နောက်ပိုင်း၊ လုပ်ငန်းများ ပြည်သူပိုင် အသိမ်း ခံရစဉ်၊ သားကြီး ကျွန်တော်တောင် အထက်တန်းကျောင်းသား ဘဝ။ အောက်မှာက မောင်နှမ ၄ ယောက် ရှိသေးရာ၊ မန်နေဂျာ အဖြစ် သူ့ကို ထည့်ပေးလိုက်ရ၏။ ဘုန်းကြီးကျောင်း ပညာရေး အခြေခံရခဲ့ပြီး မြို့ရောက်တော့ အေဘီစီဒီ အင်္ဂလိပ်စာကို ကျွန် တော်တို့ ညီအစ်ကိုတို့က အားလပ်ချိန်တိုင်းမှာ သင်ပြပေး၍ မခေါက်တခေါက် တတ်ကျွမ်းသည်။ ပညာယူလိုမှုရှိပြီး အမှီ ကောင်းရသည်ဟု ဆိုနိုင်၏။ မန်နေဂျာဆိုတော့ သွေးနားထင် ရောက်ကာ၊ ရွှေရောင်းပြီး၊ B.S.A မော်တော်ဆိုင်ကြီး ဝယ်စီး၏။ ဤကား သူ၏ ပထမမှားကွက်။ အိမ်မှာ နေဆဲစားဆဲမို့ အမေက တားမြစ်သည်ကို နားမထောင်ပါ။ မကြာမီ လုပ်ဖော်ကိုင်ဘက် စာရေးမတစ်ဦးနှင့် ရည်းစားဖြစ်၊ ခိုးပြေးတော့၏။ ယောက္ခမ အိမ်ပါသွားပြီ။ သမီးနှစ်ယောက်သား တစ်ဦးပွားစီး၏။ လိန်ဖယ် ဖယ်တီးခဲ့သည် ရွှေအိုးစည်ဇာတ်လမ်း၊ တစ်သက်လုံး လိန်ဖယ် ဖယ်သာ စခန်းသွားရရှာ၏။ သားက စစ်ဗိုလ်ဖြစ်လာတော့ အား ကိုးရမည် မကြံရသေး၊ သူ့အထက်အရာရှိ ဗိုလ်မှူးက သမက် ဖမ်းခြင်းထက် သမီးကိုချိုင် အပိုင်ယူသွားတော့၏။ သမီးတွေ အိမ်ထောင်ကျ၊ ဇနီးကွယ်လွန်၏။ မကွယ်လွန်ခင် ရောဂါဖြစ်နေ စဉ်၊ ပိုင်းလုံးမ တစ်ဦး၏ လိမ်ညာစားခြင်း ခံရ၍ အိမ်ပိုင်ကားပိုင် ပစ္စည်းတွေအားလုံး ပြုတ်ပြုတ်ပြုန်းပါရော။ သူ့ဘဝ မဟန့်တ ဟန်က နည်းပါး၊ မဟန်တာများ၍ သံဝေဂရပြီး ရဟန်းဝတ်သွား တော့၏။ ဘဝအဆုံးသတ်ကို ရဟန်းဝတ်ဖြင့် အရိုးထုတ်ပါ တော့မည်။ သန္နိဋ္ဌာန်ချလိုက် ဟန်တူ၏။ အသက် ၈၀ ကျော်၊ သိက္ခာဝါတော် ၂၀ ကျော်ပြီဆို တော့ ပြန်ခြင်း ကောင်းဖို့မြားဦး လှည့်သည့်အတိုင်း ဖြောင့်တန်းပါစေဟု။
.
တဖြောင့်တည်း
ကျွန်တော်တို့ လူ့လောကကြီးထဲသို့ လူလာဖြစ်ကြပါပြီ။ လူ့ပြည်မှ အပ်တစ်စင်းနှင့် ဗြဟ္မာ့ပြည်မှ အပ်တစ်စင်း၊ အပ်ဖျား ချင်း ထိနိုင်ဖို့က လွယ်ပါဦးမည်။ လူ့ဘဝရရှိဖို့ကား ထို့ထက်ကို အများကြီး ခက်ခဲကြောင်း ဘုရားဟော တရားတစ်ပုဒ် ရှိ၏။ လာ ခြင်းကောင်း၊ နေခြင်းကောင်း၊ ပြန်ခြင်းလည်း ကောင်းကြသော၊ တဖြောင့်တည်းသော ဘဝကို ပုံမှန်ဖြတ်သန်းနိုင်သူများသည် သံသရာ စက်ရဟတ် မရပ်တမ်း ဆက်လည်ပတ်ကြမည့် ပုထု ဇဉ်များအတွက် အလွန်မတန်မှ ကံကောင်းသူများ ဖြစ်ကြ၏။ အများအားဖြင့် လူ့ဘဝသည် တညီတညွတ်တည်း ဖြောင့်တန်း နေသူ မရှိသလောက် ရှားပါး၏။ အတက်အဆင်း အနိမ့်အမြင့် အကွေ့အကောက်တို့ ရောပြွမ်းနေတတ်မြဲ ဖြစ်၏။ ဘာကြောင့် နည်း။ အတိတ်ဘဝကရော၊ မျက်မှောက်ဘဝမှာပါ စိတ်ထား မဖြောင့်မဖြူခဲ့ကြ၍ ကောင်းမှုကုသိုလ်ကံနှင့် မကောင်းမှု အ ကုသိုလ်ကံတို့ ရောထွေးယှက်တင်နေကြသူများကား ကိုးလေး လုံး ရာခိုင်နှုန်းမျှ ရှိနေ၍ဖြစ်ပါ၏။ ၁၀၀ မှာ ၉၉ ဒသမ ၉၉ ဆို သည်မှာ တစ်သောင်းတွင် တစ်ဦးတလေသာ သူတော်ကောင်း ရှိနိုင်ခြင်းကြောင့်ပါ။ အတိတ်က ကောင်းခဲ့၍ ယခုကောင်းသည်။ ယခု ကောင်း၍ နောင်အနာဂတ်မှာလည်းကောင်းကြ ပါဦးမည်  ဟု ဆရာတော်တစ်ပါး မိန့်ဆိုဘိသကဲ့သို့ အတိတ်အကြောင်း ကံစင်ကြယ်သဖြင့် ယခုဘဝ၌ လူကောင်းသူကောင်း အကျင့် ကောင်းကြသည်။ ဆက်မနေရတော့ဘဲ၊ သေကြရလျှင်လည်း ဘဝကူးကောင်း၍ လားရာဘဝဂတိ ကောင်းမွန်မြင့်မြတ်ကြပါ လိမ့်မည်။ ဤသို့ လူတိုင်းဖြစ်လိုကြမည်။ ဖြစ်ချင်လျှင် ဖြစ်အောင် လုပ် အဟုတ်ဖြစ်နိုင်၏။ စေတနာသည် ကံတရားဖြစ်၍ စေတ နာဖြူမည်။ ဓမ္မဖက်၍ စိတ်ထားမြင့်မြတ်မည်။ ဒါနသီလ ဘာဝ နာထုံမွမ်းမည်။ ကိုယ်ချင်းစာနာစိတ်ဖြင့် သတ္တဝါအားလုံးပေါ် တွင် မေတ္တာကြီးကြီး ထားမည်။ မလိုမုန်းထား အမျက်မပွား၊ အာဃာတမသို စိတ်မညိုလျှင် သူတော်ကောင်း ဆိုရမည်။ သူ တော်ကောင်းဖြစ်ရန် ကြိုးစားအားထုတ်သင့်ပါသည်။
.
ရှေ့၌ ဖော်ပြခဲ့သော၊ ညီတော်မောင် အယ်ညွန့်သည် လာ ခြင်းကောင်း၊ နေခြင်းကောင်း၍ ပြန်ခြင်းလည်း ကောင်းအောင် ကြိုးစားနေသူ ဖြစ်၏။ အိမ်ကို ဗုဒ္ဓတက္ကသိုလ် အနီးအနားတွင် ဆောက်ခြင်း၌ ယင်းတက္ကသိုလ်ရှိ စာကြည့်တိုက်မှာ ဓမ္မစာအုပ် စာပေကောင်း များစွာရှိသောကြောင့် တစ်ချက်ပါဝင်၏။ ပြီး တော့ တရားဓမ္မ အရိပ်ခိုနိုင်ရန် တောရကျောင်းတွေ ရိပ်သာ တွေ မနီးမဝေး၌ ရှိ၏။ ဘဝနေဝင်ချိန်အတွက် ပြင်ဆင်နေသူ လေ။ ဦးဇင်းကြီး ချစ်မောင်(ဦးကေ)ကား၊ အလာမကောင်း၊ အ နေသိပ်ပြီး မကောင်းခဲ့သော်ငြား၊ ဘဝအပိုင်းအဆစ်၏ နောက် မြီးပိုင်းကို ရဟန်းဘဝ ယူလျက် အပြန်ကောင်းဖို့ လုပ်ဆောင်နေ လေပြီ။ တော်ပါပေ၏။ အလာမကောင်း၊ အနေကောင်း၊ အပြန် မကောင်းသူများ ရှိသလို၊ အလာကောင်း၊ အနေကောင်းပါလျက် အပြန်မကောင်း သူတို့လည်း အများကြီး ရှိ၏။ ကြီးမိုက်ဟု ခေါ်သည်။ ဤစာကို ရေးနေရင်း၊ အလာကောင်း၊ အနေမ ကောင်းသော အစ်ကိုကြီးဝမ်းကွဲတော်စပ်သူ ကိုကြီးခွေးကို သ တိရမိ၏။ သူ့ဘဝ ဇာတ်ကြောင်းလေးကို ရေးပြချင်စိတ် ပေါ် လာပါသည်။ ဆက်ဖတ်ပါဦး။
.
ဆိုးပေကြီး
သားဦးပျက်ကျစဉ် သန္ဓေသား သုံးလမှာပါ။ ဒုတိယသားက ရှစ်လဖြင့် လျှောမွေးပြီး အဖတ်မတင်ရှာသော ကြီးကြီးမြိုင်သည် တတိယ ကိုယ်ဝန်ကို အထူးဂရုစိုက်ရှာ၏။ အဆင်ပြေချောမွေ့ စွာပင် မွေးဖွား၏။ သားယောက်ျားလေးဆိုတော့ ရှင်ပြုရဦးမည် ဟု ပီတိဖြစ်လျက် အဖတ်တင်အောင်ဆိုကာ ခွေးကြီးအမည် ပေး၏။ အလိုလိုက်ထား၍ ဆိုးလိုက်သည်မှာ ကမ်းကုန်၏။ သူ့ အောက်အငယ် ညီအစ်ကို မောင်နှမတွေအားလုံး စာမှာရော ဘဝမှာပါ ဖြစ်ထွန်းကြ၏။ သူကတော့ စာလည်းမဖြစ်၊ ဘဝမှာ လည်း ဆိုးပေလွန်းစွာ ဖြတ်သန်း၏။ ကွမ်းစွဲ၏။ ဆေးလိပ် သောက်၏။ အရက်ပါ ဖက်လိုက်သေး၏။ လောင်းကစားမျိုးစုံ ဝါသနာထုံ၏။ အရက်မူးလာလျှင် အလွန်သောင်းကျန်း၏။ ကာ လသားခေါင်းနှင့် အပေါင်းအဖော်တို့က သူ့ကို ငြိမ်သွားအောင် ဘိန်းမည်းဘက် လှည့်ပေးလိုက်ကြ၏။ ထိုစဉ်မှာ နံပါတ်ဖိုး ဘိန်း ဖြူ မပေါ်သေးပါ။ ပေါ်လာပြန်တော့လည်း စမ်းတော့၏။ စွဲ၏။ ပိုသုံးနိုင်ရန် ရောင်းဝယ်လုပ်၏။ ဖမ်းမိတော့ ထောင်တန်းကျပြီ။
.
ထောင်ဆိုတာ အိမ်ဦးနှင့် ကြမ်းပြင် လုပ်နေတော့၏။ လူက ဒေါင်ကောင်း အလုံးအထည်ကောင်းကြီးဆိုတော့ အသက်ကြီး လာသည့်တိုင်အောင် ကျန်းမာရေးက ဒေါင်ဒေါင်မြည်ဆဲပါ။ အ သက် ၆၀ လောက်မှာ ညီအစ်ကို ၄ ယောက်သား ဒုလ္လဘရဟန်း ခံဖြစ်ကြ၏။ သွားလေသူ မိဘများ ကုသိုလ်အမျှ ရကြစေဖို့ သာ သနာ့ဘောင် ဝင်ကြခြင်းပါ။ သူ့ကိုတော့ သိပ်ထင်မထားပါ။ တစ်ညမှ ခံလေပါ့မလားပေါ့။ သို့သော် လူဆိုးလူပေကြီးက အ ဟုတ်ကြီးပါ။ ကျွတ်ချိန်တန်၍ ဖြစ်မည်။ ညီ ၃ ယောက်တို့ လူ ဝတ်လဲချိန်မှာ သူက ရဟန်းအဖြစ် ကျန်ရစ်၏။ ပရိတ်ကြီး ၁၁  သုတ် အလွတ်ရအောင် ကျက်၏။ ဓမ္မစကြာ အနတ္တလက္ခဏ သုတ်ကိုပါ အာဂုံဆောင်ရုံမက သဘောတရား နှလုံးခွေ့သည့် တိုင် လေ့လာ၏။ ပြီးတော့ ဝါတွင်း ၃ လ တရားစခန်းဝင်၏။ ဝါ ကျွတ်တော့လည်း လူပြန်မထွက်တော့။ တစ်သက်လုံး မိုက်လုံး ကြီးခဲ့တာ နှစ် ၆၀ ကျော်ပြီ။ ကျန်သည့်ဘဝ ဆည်းဆာကိုတော့ သာသနာ့အရိပ်မှာပဲ အေးချမ်းစွာ ခိုဝင် အဆုံးသတ်တော့မည် ဟု မိန့်၏။ ဟုတ်နိုင်ပါ့မလားပေါ့လေ။ ဆွေမျိုးတွေအားလုံးက သာဓုသုံးကြိမ် ပြည့်အောင် မခေါ်ဆိုရဲကြသေးပါ။ ဘယ်နေ့ လူ ထွက်ပြီး ပိုလို့ ဆိုးပေဦးမည် မသိဟု သံသယ ကိုယ်စီပေါ့။
.
အဆိုး၏ အစွန်ဆုံးမှသည် အခြား အစွန်းကောင်းဘက်သို့ ကူးပြောင်းလွယ်တတ်ကြ၏။ ကိုကြီးခွေး ဦးဇင်းကြီးကတော့ဖြင့် အပီပါပဲ။ ရဟန်းဘဝဖြင့် အရိုးထုပ်သွားဖြစ်၏။ အသက် ၈၀ ကျော်၊ သိက္ခာဝါတော် ၂၀ ကျော်မှာ ပျံလွန်တော်မူ၏။ ပြန်ခြင်း လည်းကောင်း၊ သံသရာမှာလည်း ကောင်းလိမ့်မည် မျှော်မှန်း သာဓုခေါ်ရ၏။ မကောင်းမှု အကုသိုလ်ကံတွေလည်း ရှိထား၍ တစ်မဂ်တစ်ဖိုလ်မှ မကျသေးက အပါယ်ငရဲကို စိတ်မချရသေး ပါ။ အစွန်းနှစ်ဖက်၏ ကြားအလယ်မှာ မြုပ်ချည် ပေါ်ချည် မျော ချည်ဖြင့် ဘဝကို အလျားလိုက် သွားနေကြသူ၊ ကျွန်တော်တို့ လည်း ဒါနသီလဖြင့်သာ ကျေနပ်နေ၍ မဖြစ်သေးပါ။ ထောက် တည်မှီရာ တစ်ဖက်ကမ်း တက်လှမ်းနိုင်ဖို့ အရေးကြီး၏။ ဝိပ ဿနာအားထုတ်၍ အနည်းဆုံး ခန္ဓာဉာဏ်ရောက် ရုပ်နှင့် နာမ် ကွဲ၊ ဖြစ်ပျက်မြင်၊ ဖြစ်ပျက် ရွံမုန်း၊ ဖြစ်ပျက်ဆုံးအောင် ကြိုးစား အားသွန်လိုက်ကြဖို့ အထူးလိုအပ်သည်ဟူ၍ သတိပံ့ရေးသား ရပါကြောင်း။

Journal Download

Photo of three cats