ဝူဟန်တွင် ပိတ်မိနေသည့် မြန်မာကျောင်းသားများ မန္တလေးသို့ ပြန်ရောက် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Sunday, February 2, 2020

ဝူဟန်တွင် ပိတ်မိနေသည့် မြန်မာကျောင်းသားများ မန္တလေးသို့ ပြန်ရောက်


မင်းဇော်မင်း
.
ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး (Novel Coronavirus-cCoV) စတင်ဖြစ်ပွားရာ တရုတ်နိုင်ငံ၊ ဟူပေပြည်နယ်၊ ဝူဟန်မြို့တွင် ပိတ်မိနေသည့် မြန်မာနိုင်ငံသား ပညာသင်ကျောင်းသား ၆၃ ဦးအနက် ၅၉ ဦးသည် ဖေဖော်ဝါရီလ ၂ ရက်၊ ညနေပိုင်းက ဝူဟန်မြို့မှ မန္တလေးမြို့သို့ အထူးလေယာဉ်ဖြင့် ပြန်လည်ရောက်ရှိလာခဲ့ကြောင်း သိရသည်။
.
.
ကျန်ကျောင်းသား ၄ ဦးအနက် တစ်ဦးမှာ တရုတ်နိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် မညီညွတ်ခြင်းကြောင့်လည်းကောင်း၊ တစ်ဦးမှာ ပြည်နယ်ပြင်ပသို့ ရောက်ရှိနေခြင်းကြောင့် လည်းကောင်း၊ ကျန် ၂ ဦးမှာ ကိုယ်အပူချိန် မြင့်မားနေသဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ခံယူရန် လိုအပ်သောကြောင့်လည်းကောင်း လိုက်ပါ နိုင်ခြင်း မရှိခဲ့ကြောင်း သိရသည်။
.
မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည့် ကျောင်းသား/သူများအား မန္တလေးမြို့ရှိ ကန်တော်နဒီဆေးရုံတွင် သီးခြား ထားရှိကာ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းစဉ်များကို စနစ်တကျ ဆောင်ရွက်ထားရှိကြောင်း သိရသည်။
.
တရုတ်နိုင်ငံ၊ ပေကျင်းမြို့ရှိ မြန်မာသံရုံးအနေဖြင့် ဖေဖော်ဝါရီလ ၂ ရက်၊ ဒေသစံတော်ချိန် ညနေ ၁ နာရီခွဲအချိန်က Wuhan Tianhe အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) ဖြင့် မြန်မာကျောင်းသား များကို ပြန်လည်ပို့ဆောင်ပေးနိုင်ရန် အချိန်တိုအတွင်း ခွင့်ပြုပေးခဲ့သည့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ဟူနန် ပြည်နယ် နိုင်ငံခြားရေးရုံး၊ ဟူပေပြည်နယ်နှင့် ဝူဟန်မြို့မှ တာဝန်ရှိသူများ၊ CACC မှ တာဝန်ရှိသူများ အားလုံးကို အထူး ကျေးဇူးတင်ရှိကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားသည်။
.
ထို့အတူ ကျောင်းသားများအား စေတနာ့ဝန်ထမ်းအဖြစ် သွားရောက်ခေါ်ဆောင်ခဲ့သည့် လေယာဉ်အဖွဲ့သားများကို အိမ်တွင်းစောင့်ကြည့်မှုလုပ်ငန်းများ ဆောင်ရွက်နေပြီး သွားရောက်ခဲ့သည့် လေယာဉ်အား အထူးပိုးသတ်ကာ ၁၀ နာရီကြာ ထားရှိကြောင်းနှင့် ကျောင်းသား/သူများကိုလည်း တစ်ခါသုံး ထမင်းဘူးများဖြင့် အကောင်းဆုံး ကျွေးမွေး စောင့်ရှောက်လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats