UWSA မှ ရဟတ်ယာဉ်တစ်စီး ဝယ်ယူထား ဟုဆို - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Wednesday, February 26, 2020

UWSA မှ ရဟတ်ယာဉ်တစ်စီး ဝယ်ယူထား ဟုဆို


မင်းဇော်မင်း
.
UWSA “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်မှ ၎င်းတို့၏ ဥက္ကဋ္ဌ ဦးပေါက်ယူချန်း အသုံးပြုရန်နှင့် အရေးပေါ်ကိစ္စရပ်များတွင် အသုံးပြုနိုင်ရန် အတွက် ၄ ယောက်စီး ရဟတ်ယာဉ်တစ်စီးဝယ်ယူထားသည်ဟု လားရှိုးမြို့အခြေစိုက် UWSA “ဝ” ပြင်ပဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရမ်းက ပြောဆိုခဲ့သည်။
.
 
.
“အပျော်စီး အသေးစားလေးပါ။ အဝေးလည်း မပျံနိုင်ပါဘူး။ ဘယ်လောက်ပေးရတယ်၊ ဘယ်လမ်းကြောင်းက သယ် လာတယ်ဆိုတာ သိထားပါဘူး။ ကုန်စည်သယ်ဆောင်ဖို့၊ သယ်ယူပို့ဆောင်ရေး ကိစ္စတွေအတွက် အသုံးပြုဖို့ မရှိပါဘူး။ ခေတ်စနစ်အရ တိုးတက်ဖွံ့ဖြိုးလာလို့ အသုံးပြုတာပါ။ အရေးပေါ်တို့၊ ဒေသတွင်း သွားလာဖို့အတွက်တို့ ရည်ရွယ် တာပါ” ဟု ဦးညီရမ်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလအတွင်းက UWSA “ဝ” တပ်မဟာ (၄၆၈) ၏ တပ်မဟာမှူး အိုက်ပန်းမှ အဆိုပါ ရဟတ်ယာဉ်အား ၎င်း၏ကိုယ်ပိုင်ငွေဖြင့် တရုတ်နိုင်ငံမှ ဝယ်ယူ၍ မဲခေါင်မြစ်ကြောင်းအတိုင်း သင်္ဘောဖြင့် သယ်ဆောင်ကာ NDAA (မိုင်းလား)ဒေသရှိ မိုင်းခမ်းဆိပ်ကမ်းမှတဆင့် နမ့်ပန်-မိုင်းလား-မိုင်းပေါက် လမ်းကြောင်း အတိုင်း သယ်ဆောင်ပြီး တပ်မဟာ (၄၆၈) ဌာနချုပ် မိုင်းပေါက်တွင် ထားရှိကြောင်း သတင်းများ ထွက်ပေါ်နေမှုနှင့် ပတ်သက်၍ မေးမြန်းမှုအပေါ် ဦးညီရမ်းက ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
.
“အသံတော့ ကြားနေရတယ်။ ဒေသအဖွဲ့အစည်းတွေကလည်း ရှိတယ်လို့ အတည်ပြုတယ်။ တရားမဝင်ကိစ္စရပ်တွေ၊ သယ်ဆောင်မှုတွေကို ထိန်းချုပ်နိုင်ဖို့ ပေါင်းစပ်ညှိနှိုင်းရေး လုပ်ဆောင်မယ့် အစီအမံတွေ ရှိပါတယ်” ဟု UWSA “ဝ” ဒေသနှင့် NDAA မိုင်းလားဒေသအနီးရှိ မိုင်းယန်းဒေသမှ အမည်မဖော်လိုသူ ဌာနဆိုင်ရာ အရာရှိတစ်ဦးက ပြောသည်။
.
အဆိုပါရဟတ်ယာဉ် သယ်ဆောင်လာသည့် မဲခေါင်မြစ်ကြောင်းသည် မြန်မာ၊ တရုတ်၊ ထိုင်း၊ လာအို စသည့်နိုင်ငံများကို ဖြတ်သန်းစီးဆင်းနေသည့် မြစ်တစ်စင်းဖြစ်ကာ မူးယစ်ဆေးဝါးနှင့် တရားမဝင် စီးပွားရေး လုပ်ငန်းများ၊ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုများ၊ လက်နက်ခဲယမ်းများ သယ်ယူပို့ဆောင်ရာ လမ်းကြောင်း ရှိနေသဖြင့် မြန်မာနိုင်ငံဘက်မှ မြစ်ကြောင်းတစ်လျှောက် စိုးမိုးထိန်းချုပ်နိုင်ရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About