တိုင်းရင်းသားများအပေါ် ခွဲခြားခြင်း မရှိဘဲ၊ ဘက်လိုက်မှု ကင်းတဲ့ စီမံခန့်ခွဲမှုမျိုး ဖြစ်ချင်ကြောင်း သမ္မတ ပြော - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Thursday, February 6, 2020

တိုင်းရင်းသားများအပေါ် ခွဲခြားခြင်း မရှိဘဲ၊ ဘက်လိုက်မှု ကင်းတဲ့ စီမံခန့်ခွဲမှုမျိုး ဖြစ်ချင်ကြောင်း သမ္မတ ပြော


စိုင်းရာဇာ
.
တိုင်းရင်းသားများအပေါ် ခွဲခြား ဆက်ဆံခြင်း မရှိဘဲဘက်လိုက်မှု ကင်းသည့် စီမံခန့်ခွဲမှု၊ စီမံဆောင်ရွက်မှုမျိုးပဲ ဖြစ်ချင်ကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ မြို့မိ၊ မြို့ဖများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် ယနေ့(ဖေဖော်ဝါရီလ ၆ ရက်)၊ နံနက်ပိုင်းက ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်သော တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။
.

တိုင်းရင်းသား လူမျိုးတွေ အားလုံးဟာ အဆင့်အတန်း ညီမျှမှု၊ အခွင့်အလမ်း ညီမျှမှု၊ တရားဥပဒေ သာတူညီမျှမှု ဆိုတာ ရှိပါတယ်။ အုပ်ချုပ်ရေးမဏ္ဍိုင် ရှိတယ်။ ဥပဒေပြုရေးမဏ္ဍိုင် ရှိတယ်။ တရားစီရင်ရေး မဏ္ဍိုင် ရှိတယ်။ ဒီမဏ္ဍိုင်ကြီး သုံးရပ်မှာ ပါဝင်တဲ့ တာဝန် ထမ်းဆောင်နေတဲ့ ပုဂ္ဂိုလ်အသီးသီးဟာ အဲ့ဒီအတိုင်းပဲ ဖြစ်စေချင်ပါတယ်။ တိုင်းရင်းသားတွေပေါ်မှာ ခွဲခြားဆက်ဆံခြင်း မရှိပဲနဲ့ ဘက်လိုက်မှု ကင်းတဲ့ စီမံခန့်ခွဲ၊ စီမံ ဆောင်ရွက်မှုမျိုးပဲ ဖြစ်စေချင်ပါတယ်။ ဒါက ဒီမိုကရေစီရဲ့ အခြေခံ အခွင့်အရေး ဖြစ်ပါတယ်။ ဒီမိုကရေစီနဲ့ ချိတ်ဆက်နေတဲ့ လူအခွင့်ရေးတို့၊ တရားဥပဒေ စိုးမိုးရေးတို့ ရှိတယ်။ ဒီမိုကရေစီ အခွင့်ရေး မရှိရင် လူ့အခွင့်ရေး ချိုးဖောက်ခံရမှာပဲ။ တရားဥပဒေ စိုးမိုးဆိုတာလည်း ကွယ်ပျောက်သွားမှာပဲ။ဟု သမ္မတ ဦးဝင်းမြင့်က ပြောသည်။
.

အဆိုပါ တွေ့ဆုံပွဲကို ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဌနှင့် တာဝန် ရှိသူများ၊ ရှမ်းပြည်နယ် တရားလွှတ်တော် ပြည်နယ်တရားသူကြီးချုပ်၊ တိုင်းရင်းသား အဖွဲ့အစည်းများ၊ မြို့မိ/မြို့ဖများ၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ စုစုပေါင်း ၅၀၀ ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
.
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် တောင်ကြီးမြို့သို့ ဟဲဟိုးလေဆိပ်မှ တဆင့် ရောက်ရှိလာခဲ့ခြင်း ဖြစ်ပြီး နေ့လယ်ပိုင်းတွင် ကျိုင်းတောင်းရေအားလျှပ်စစ် စီမံကိန်း လုပ်ငန်းခွင်အတွင်းသို့ ရဟတ်ယာဉ်ဖြင့် သွားရောက် ကြည့်ရှု စစ်ဆေးနေလျက် ရှိကာ မနက်ဖြန် (ဖေဖော်ရီလ ၇ ရက်) တွင် ပြုလုပ်မည့် ရှမ်းပြည်နယ်နေ့ အခမ်းအနားသို့ တက်ရောက်မည် ဖြစ်သည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About