လက်နက်ကိုင်အဖွဲ့အစည်းအားလုံး၏ အကြီးအကဲသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်သည် ဟူသော အချက်မှာ မဖြစ်နိုင် ဟုဆို - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Friday, February 28, 2020

လက်နက်ကိုင်အဖွဲ့အစည်းအားလုံး၏ အကြီးအကဲသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်သည် ဟူသော အချက်မှာ မဖြစ်နိုင် ဟုဆို


မင်းဇော်မင်း
.
လက်နက်စွဲကိုင်ထားသည့် အဖွဲ့အစည်းအားလုံးအပေါ် မည်သည့်ညှိနှိုင်းသဘောတူ ဆွေးနွေးမှုမရှိဘဲ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် လက်နက်ကိုင်အဖွဲ့အစည်းအားလုံး၏ အကြီးအကဲဖြစ်သည် ဟူသော အချက်မှာ လက်တွေ့အရ မဖြစ်နိုင်ကြောင်း ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းအေးက လွှတ်တော်တွင် တင်ပြဆွေးနွေးခဲ့သည်ဟု သိရသည်။
.
 
.
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ၁၅ ကြိမ်မြောက်ပုံမှန်အစည်းအဝေး၊ ၁၄ ရက်မြောက်နေ့ကို ဖေဖော်ဝါရီလ ၂၇ ရက်က နေပြည်တော်တွင် ပြုလုပ်ရာ အစည်းအဝေးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးမူကြမ်းကို ဆွေးနွေး စဉ် ဦးစိုင်းထွန်းအေးက ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် လက်နက်ကိုင်အဖွဲ့ အစည်းအားလုံး၏ အကြီးအကဲဖြစ်သည် ဟူသော ပြဌာန်းချက်အား ပယ်ဖျက်ခြင်းကို ထောက်ခံကြောင်း ၎င်းက တင်ပြ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
.
“လုပ်ငန်းသဘောသဘာဝ မတူညီတဲ့ ပြည်သူ့ရဲတပ်ဖွဲ့ပါ တပ်မတော်လက်အောက် ရောက်ရှိသွားပြီး ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုအမြင်အားဖြင့်လည်းကောင်း၊ ဒီမိုကရေစီအမြင်အားဖြင့် လည်းကောင်း သင့်လျော်ခြင်းမရှိတဲ့အတွက် ဖြစ်ပါ တယ်။ ဒီတိုင်းပြည်မှာ လက်နက်ကိုင်အဖွဲ့အစည်းတိုင်းက တပ်မတော်ရဲ့ အောက်မှာ ရှိရမယ်ဆိုတာ လက်တွေ့မကျ ပါဘူး။ လက်နက်ကိုင်စွဲထားတဲ့ အဖွဲ့အစည်းအားလုံးအပေါ် ဘာညှိနှိုင်းချက်၊ သဘောတူဆွေးနွေးချက်မှ မရှိဘဲ အလို အလျောက် အကြီးအကဲဖြစ်တယ်ဆိုတာ လက်တွေ့အခြေအနေအရ မဖြစ်နိုင်တာကို တွေ့ရမှာဖြစ်ပါတယ်” ဟု ဦးစိုင်းထွန်းအေးက ဆွေးနွေးခဲ့သည်။
.
ထို့အပြင် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ် ဟူသော စကားရပ်၌လည်း စည်းကမ်းပြည့်ဝသော စကားရပ်အား ဖြတ်ချခြင်းကို ထောက်ခံကြောင်း ၎င်းက ဆက်လက်ဆွေးနွေးခဲ့သည်။
.
“ဒီမိုကရေစီ ဆိုတဲ့ စကားရပ်ကို အထူးပြုစရာ မလိုအပ်ဘူးလို့ ယူဆတဲ့အတွက် ဖြစ်ပါတယ်။ ဒီမိုကရေစီမှာက သူ့ အဓိပ္ပါယ်နဲ့သူ လေးနက်ပြီးဖြစ်ပါတယ်။ ဒီမိုကရေစီ ကျမ်းမကျေတဲ့သူတွေကသာ ပြောဆိုနေကြတာဖြစ်ပါတယ်။ ဒီမိုကရေစီရဲ့ ကောင်းမြတ်တဲ့ အာနိသင်နဲ့ ရည်ရွယ်ချက်ကို မတွေ့ကြုံ၊ မခံစားခဲ့ရဖူးသူတွေနဲ့ ဒီမိုကရေစီရဲ့ အနှစ်သာရ တွေကို မနှစ်မြို့သူတွေကသာ နာမဝိသေသနတွေနဲ့ အထူးပြုပြီး သုံးစွဲနေကြတာဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက် ဆွေးနွေးခဲ့သည်။
.
SNLD ပါတီအနေဖြင့် ပြည်သူသာအမိ၊ ပြည်သူာအဖ ဟု ထာဝစဉ် ဦးထိပ်ပန်ဆင်ထားသည့်အတွက် အမျိုးသားနိုင်ငံ ရေးကို အဖွဲ့အစည်းတစ်ခုက အစဉ်တစ်စိုက် ဦးဆောင်ခြင်းမှာ မဖြစ်သင့်ကြောင်းနှင့် လက်ရှိ မြန်မာ့တပ်မတော်သည် ပြည်သူကြားက ပေါက်ဖွားလာသည့် တပ်မတော်အဖြစ် ခံယူမည်ဆိုပါက ယခုပြင်ဆင်ချက်သည် လျော်ကန်သင့်မြတ် ပြီး တပ်မတော်၏ ဂုဏ်သိက္ခာကို ပိုမိုမြင့်မားလာစေမယ်လို့ ယုံကြည်မျှော်လင့်သည့်အတွက် ထောက်ခံခြင်းဖြစ် ကြောင်း ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။
.
ဦးစိုင်းထွန်းအေး၏ ဆွေးနွေးချက်ပါ “ဒီမိုကရေစီ ကျမ်းမကျေသူများ” နှင့် “SNLD ပါတီသည် ပြည်သူသာအမိ၊ ပြည်သူ သာအဖဟု လက်ခံထား” ဟူသော စကားရပ်များသည် ပါတီတစ်ခုကို အမွှန်းတင်ပြီး အခြားအဖွဲ့အစည်းတစ်ခုကို သိက္ခာချခြင်းဖြစ်သည်ဟု တင်ပြဆွေးနွေးခဲ့သဖြင့် ဦးစိုင်းထွန်းအေး၏ ဆွေးနွေးချက်များကို ပြန်လည်စိစစ်သွားမည်ဖြစ် ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက က ကြေညာခဲ့သည်။
.
၂၀၀၈ ခုနှစ် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁) နိုင်ငံတော်၏ အခြေခံမူများ၊ ပုဒ်မ ၇ တွင် နိုင်ငံတော်သည် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးသည်ဟု ပြဋ္ဌာန်းဖော်ပြထားပြီး ယင်းဥပဒေ အခန်း (၇) တပ်မတော်အခန်း၊၊ ပုဒ်မ ၃၃၈ တွင် နိုင်ငံတော်အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း အားလုံးသည် တပ်မတော်၏ ကွပ်ကဲမှုအောက်တွင် ရှိရမည်ဟု ပြဋ္ဌာန်း ဖော်ပြထားသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About