ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားသော ပြင်းထန်အဆုတ်ရောင်ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ထမ်း များအား ကာကွယ်ရေးပစ္စည်းများ ထောက်ပံ့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Monday, February 10, 2020

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားသော ပြင်းထန်အဆုတ်ရောင်ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ထမ်း များအား ကာကွယ်ရေးပစ္စည်းများ ထောက်ပံ့


စုလှိုင်
.
ရှမ်းပြည်နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ် (2019-nCoV)ကြောင့် ဖြစ်ပွားသော ပြင်းထန်အဆုတ်ရောင်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးဝန်ထမ်းများအား အဓိကထား၍ ငွေကျပ် သိန်း ၁၇၀ ခန့် တန်ဖိုးရှိ ကာကွယ်ရေးပစ္စည်းများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ခဲ့ကြောင်း သိရသည်။
.
 
.
အဆိုပါ ကာကွယ်ရေးပစ္စည်းများ ထောက်ပံ့ပွဲကို ဖေဖော်ဝါရီလ ၈ ရက်၊ နေ့လယ်ပိုင်းက တောင်ကြီးမြို့ မြို့တော်ခန်းမတွင် ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ပြည်နယ်ကုသ ရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ပြီး ခန်းမအတွင်း ခင်းကျင်း ပြသထားသော ကာကွယ်ရေးပစ္စည်းများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
.
“ကျန်းမာရေးဝန်ထမ်းတွေ ဆိုရင်လည်း Mask တပ်ဖို့ အရေးကြီးတယ်။ ပစ္စည်းတွေက တစ်နိုင်ငံလုံးအတိုင်း အတာနဲ့ လိုအပ်နေတာဖြစ်ပါတယ်။ အထူးသဖြင့် နယ်စပ်ဒေသတွေမှာဆိုရင် တစ်နေ့တစ်နေ့ကို လူသောင်းကျော် ဝင်ထွက်သွားလာနေတယ်။ ကျန်းမာရေးဝန်ထမ်းတွေက နေ့စဉ် ဒါတွေသုံးနေရတော့ လိုအပ်တာပေါ့။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက တစ်နိုင်ငံလုံးကို ဖြန့်ဝေနေရတော့ မလုံလောက်ဘူး။ ဒါကြောင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့က လှူပေးတာဖြစ်ပါတယ်” ဟု ရှမ်းပြည်နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ သူဇာချစ်တင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် အရှေ့ပိုင်းရှိ နယ်စပ်ဒေသများမှ နေ့စဉ် လူအဝင်အထွက် များပြားသော နေရာ များတွင် ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါ စမ်းသပ်စစ်ဆေးနိုင်ရန်အတွက် လိုအပ်သည့် ကိရိယာများဖြစ်သော အဖျားတိုင်း သာမိုမီတာ၊ Mask နှင့် HandGel ဘူးများကို ထောက်ပံ့ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ရှမ်းပြည်နယ်သည် မြန်မာနိုင်ငံအတွင်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုအနက် ဧရိယာအကျယ်ဆုံး ပြည် နယ်ဖြစ်ပြီး လက်ရှိ ဝူဟန်ဗိုင်းရပ်စ် စတင်ပြန့်ပွားရာ တရုတ်နိုင်ငံနှင့် ရှည်လျားသည့် နယ်နိမိတ် ထိစပ်မှု ရှိနေသည့် အပြင် ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံတို့နှင့်လည်း နယ်နိမိတ်ချင်း ထိစပ်လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats