တာချီလိတ်တွင် ငွေကျပ် သိန်း ၁၈၀ တန်ဖိုးရှိ ICE မူးယစ်ဆေးဝါးများ ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Tuesday, February 25, 2020

တာချီလိတ်တွင် ငွေကျပ် သိန်း ၁၈၀ တန်ဖိုးရှိ ICE မူးယစ်ဆေးဝါးများ ဖမ်းမိ


ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ဖေဖော်ဝါရီလ ၂၄ ရက်၊ ညနေပိုင်းက ငွေကျပ် သိန်း ၁၈၀ တန်ဖိုးရှိ ICE မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
Photo - CCDAC Myanmar
.
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီလ ၂၄ ရက်၊ ညနေ ၅ နာရီခွဲခန့်က မူးယစ်ဆေးဝါးသတင်းအရ တာချီလိတ်မြို့၊ ပါဆတ်ရပ်ကွက်ရှီ တည်းခိုခန်းခြံဝင်းတစ်ခုအတွင်းသို့ ဝင်ရောက်ရှာဖွေစဉ် တာချီလိတ်မြို့နယ်၊ ပန်ကူ (အာခါ) ကျေးရွာနေ ဖီးလောင် (၂၇ နှစ်)၊ တာချီလိတ်မြို့၊ မယ်ခေါင် ရပ်ကွက်နေ ကျိုက်ရီ (ခ) ကြိုင်းရီ (၂၃ နှစ်)နှင့် အားလို့ (၂၆ နှစ်) တို့ ၃ ဦးနှင့် ၎င်းတို့ စီးနင်းမောင်းနှင်လာသည့် မော်တော်ယာဉ် ၂ စီးအား စစ်ဆေးရာ ဖီးလောင် မောင်းနှင်လာသည့် မော်တော်ယာဉ်ပေါ်တွင် တင်ဆောင်လာသည့် ဆာလာအိတ်အတွင်းမှ ICE အလေးချိန် ၉ ကီလို၊ ဒေသကာလပေါက်ဈေး တန်ဖိုးငွေ ကျပ်သိန်း ၁၈၀ အား သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။
.
ဆက်လက်ပြီး ၎င်းတို့အား စစ်ဆေးရာ အဆိုပါ မူးယစ်ဆေးဝါးများအား ဖီးလောင်မှ ကျိုက်ရီ (ခ) ကျိုင်းရီနှင့် အားလို့ ထံသို့ လာရောက်ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု သိရသည်။
.
အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူ ဖီးလောင်၊ ကျိုက်ရီ (ခ) ကျိုင်းရီနှင့် အားလို့ တို့ ၃ ဦးအား မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
အလားတူ ယင်းနေ့ နံနက်ပိုင်းက တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်ရှိ နေအိမ်တစ်လုံးတွင် ဒေသကာလ ပေါက်ဈေး ကျပ်သိန်း ၆၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီလ ၂၄ ရက်၊ နံနက် ၁၁ နာရီခွဲ အချိန်ခန့်က မိုင်းယောင်းမြို့နယ်၊ ဟောင်ကြန့်ကျေးရွာအုပ်စု၊ ပါဆတ်ကျေးရွာနေ မအီယန်း (၃၆ နှစ်) ၏ နေအိမ်အား မူးယစ်ဆေးဝါးသတင်းအရ ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ စိတ်ကြွရူးသွပ်ဆေးပြား ၆၈၇၀ ပြား၊ ဒေသ ကာလ ပေါက်ဈေး ၆၈ သိန်း ၇ သောင်းအား တွေ့ရှိဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ မူးယစ်ဆေးဝါးများ လက်ဝယ်တွေ့ရှိမှုနှင့် ပတ်သက်၍ မိုင်းယောင်းမြို့နယ်၊ ဟောင်ကြန့်ကျေးရွာအုပ်စု၊ ပါဆတ်ကျေးရွာနေ မအီယန်း (၃၆ နှစ်) အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားပြီး ကွင်းဆင်းများအား ဆက်လက်စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About