တာချီလိတ်တွင် ထိုင်း ၃ ဦးနှင့် မြန်မာ တစ်ဦးကို မူးယစ်ဆေးများ၊ လက်နက်/ခဲယမ်းများနှင့်အတူ ဖမ်းမိ၊ ထိုင်း တစ်ဦး သေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Saturday, February 22, 2020

တာချီလိတ်တွင် ထိုင်း ၃ ဦးနှင့် မြန်မာ တစ်ဦးကို မူးယစ်ဆေးများ၊ လက်နက်/ခဲယမ်းများနှင့်အတူ ဖမ်းမိ၊ ထိုင်း တစ်ဦး သေဆုံး


ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၌ ယနေ့ ဖေဖော်ဝါရီလ ၂၂ ရက်၊ နံနက်ပိုင်းတွင် ရဲတပ်ဖွဲ့ဝင်များက ထိုင်းနိုင်ငံသား ၃ ဦးနှင့် မြန်မာနိုင်ငံသား တစ်ဦးကို မူးယစ်ဆေးဝါးများ၊ လက်နက်/ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးစဉ် ရဲတပ်ဖွဲ့ဝင်၏ သတိပေး ပစ်ခတ်မှုကြောင့် ထိုင်းနိုင်ငံသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
.
Photo - Ko Hla Moe
.
မူးယစ်တပ်ဖွဲ့စု (၃၀) မှ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီလ ၂၂ ရက်၊ နံနက် ၆ နာရီခွဲခန့်က တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်၊ တော်ကော့ (အပြင်)၊ သံလွင်လမ်းတွင် ငှားရမ်းနေထိုင်သည့် ထိုင်းနိုင်ငံသား စွမ်ချိုင်းယမ်ယေ့၊ ခန်းမလွန်ဖွန်ပါဒီ၊ အာနုဆွန်စဲ့တစ်နှင့် မြန်မာနိုင်ငံသား အေးဖာလီ တို့၏နေအိမ်အား မူးယစ်ဆေးဝါး သတင်းအရ ဝင်ရောက်ရှာဖွေရာ နေအိမ်အိပ်ခန်း တစ်ခန်းအတွင်း ခန်းမလွန်ဖွန်ပါဒီအား တွေ့ရှိရပြီးနောက် အခြား အခန်းတစ်ခုကို ဆက်လက်ရှာဖွေစဉ် အခန်းအတွင်းရှိ အာနုဆွန်စဲ့တစ်မှာ အခန်းတံခါး မဖွင့်ပေးသဖြင့် တံခါးအား ဖျက်ဆီးဝင်ရောက်စဉ် အာနုဆွန်စဲ့တစ်က ၎င်းကိုင်ဆောင် ထားသည့် ပစ္စတိုသေနတ်ဖြင့် ရဲတပ်ဖွဲ့ဝင် များအား ပစ်ခတ်ရန်ချိန်ရွယ်သဖြင့် ရဲတပ်ကြပ်ကြီး တစ်ဦးက သေနတ်ဖြင့် သတိပေး ပစ်ခတ်ခဲ့ရာ အာနုဆွန်စဲ့တစ်တွင် ယာဘက်ပါး ကျည်ဖောက်ဝင်၊ ဝဲနောက်စေ့ဖောက်ထွက်ဒဏ်ရာဖြင့် အခင်းဖြစ် နေရာတွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ထို့နောက် အာနုဆွန်စဲ့တစ်၏ အိပ်ခန်းအား ဆက်လက်ရှာဖွေရာ ၎င်းကိုင်ဆောင်ထားသည့် ပစ္စတိုသေနတ် တစ်လက်၊ ကျည်အိမ်တစ်ခု၊ စုစုပေါင်းကျည် ၈ တောင့်နှင့် အခန်းအတွင်း အဝတ်ထည့်သည့် အမဲရောင်ခြင်းအတွင်းမှ အမဲရောင်ပလတ်စတစ်အိတ်ဖြင့် ထုတ်လျက် WY စာတမ်းပါ လိမ္မောရောင်စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ပြားပါ ၄ ထုပ်၊ စုစုပေါင်း ၈၀၀ ပြားအားလည်းကောင်း၊ ခန်မလွတ်ဖွန်ပါဒီ၏ အိပ်ခန်းအတွင်းမှ အကြည်ရောင်ပလတ်စတစ် ကပ်ခွာအိတ်ငယ်ဖြင့် ထည့်လျက် WY စာတမ်းပါ လိမ္မောရောင်စိတ်ကြွရူးသွပ်ဆေးပြား ၄ ပြား၊ အစိမ်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁ ပြားနှင့် မူးယစ်ဆေးဝါးသုံးစွဲရာ တွင် အသုံးပြုသည့် ပိုက်တပ်လျက် အဖြူရောင် ကော်ဘူး ၂ ဘူးအားလည်းကောင်း၊ နေအိမ်အပေါ်ထပ်ရှိ ဧည့်ခန်းအတွင်း အေးဖာလီအား မူးယစ်ဆေးဝါး သုံးစွဲလျက် တွေ့ရပြီး ဧည့်ခန်းအတွင်း စားပွဲပေါ်မှ အကြည်ရောင် ပလတ်စတစ်ကပ်ခွာအိတ်များဖြင့် ထည့်ထားသည့် WY စာတမ်းပါ စိတ်ကြွရူးသွပ် ဆေးပြား ၁၁ ပြား၊ ခဲပြားစ ၂ ခု၊ မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် ပိုက်တပ်လျက် အဖြူရောင်ကော်ဘူး ၂ ဘူး အားလည်းကောင်း၊ နေအိမ်အောက်ထပ် ကားဂိုဒေါင်အတွင်း ရပ်ထားသည့် Crown Athelete အမျိုးအစား အဖြူရောင် မော်တော်ယာဉ် အတွင်းမှ စွမ်းချိုင်းယမ်ယေ့အားလည်းကောင်း အသီးသီး တွေ့ရှိ ဖမ်းဆီးရမိခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။
.
အဆိုပါ လက်နက်နှင့် မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူများအား အမှုဖွင့်အရေးယူထားပြီး ယင်းဖမ်းဆီးမှုအား Operation 1511 စီမံချက်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
တာချီလိတ်မြို့သည် အကြမ်းဖက်မှုများ၊ ရာဇဝတ်မှုများ မကြာခဏ ဖြစ်ပွားတတ်လေ့ရှိနေပြီး ယင်းကဲ့သို့ ဖြစ်ပွားရခြင်း မှာ ဒေသတွင်းရှိ တရားမဝင် လောင်းကစားဝိုင်းများနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုလုပ်ငန်းများနှင့် ဆက်စပ်နေသည့်အတွက် ကျားမင်းစီမံချက်ဖြင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About