တရားဝင် တင်ပို့သည့် ပြောင်း တန်ချိန် ထောင်ကျော် ထိုင်းဆိပ်ကမ်းတွင် ထိန်းသိမ်းခံရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Tuesday, February 18, 2020

တရားဝင် တင်ပို့သည့် ပြောင်း တန်ချိန် ထောင်ကျော် ထိုင်းဆိပ်ကမ်းတွင် ထိန်းသိမ်းခံရ


ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ ဝမ်ပုံဆိပ်ကမ်းမှဆင့် ထိုင်းနိုင်ငံသို့ တရားဝင် တင်ပို့ခဲ့သည့် ပြောင်း တန်ချိန် တစ်ထောင်ကျော်အား ဖေဖော်ဝါရီလ ၁၂ ရက်က ထိုင်းနိုင်ငံရှိ ကင်းဆိုင်ဆိပ်ကမ်း အကောက်ခွန်ဌာနက ထိန်းသိမ်းထားခဲ့သည်ဟု သိရသည်။
.

.
ယင်းထိန်းသိမ်းခံရသည့် ပြောင်းတန်ချိန် တစ်ထောင်ကျော်မှာ တာချီလိတ်မြို့ရှိ အကောက်ခွန်ဦးစီးဌာနရုံးတွင် တရားဝင် သွင်းကုန်ထုတ်ကုန် လိုင်စင်ခွင့်ပြုချက်ဖြင့် တင်ပို့ခြင်းဖြစ်သော်လည်း ထိုင်းနိုင်ငံ၊ ကျင်းဆိုင်ဆိပ်ကမ်း အကောက်ခွန်ဌာနက မြန်မာနိုင်ငံအကောက်ခွန်ဌာန တံဆိပ်ပုံစံနှင့် ကွဲလွဲနေသည်ဟုဆိုကာ ထိန်းသိမ်းထားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
.
တာချီလိတ် အကောက်ခွန်ဌာနရဲ့ စာရွက်စာတမ်း တံဆိပ်တုံးပုံစံနဲ့ သူတို့နိုင်ငံမှာ မှတ်တမ်းယူထားတဲ့ မြန်မာနိုင်ငံ အကောက်ခွန်တံဆိပ်တုံးပုံစံ မတူလို့ဆိုပြီး ကျွန်တော်တို့ပြောင်းတွေ ထိန်းသိမ်းခံရတာဖြစ်ပါတယ်” ဟု ပြောင်း ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင် ဟိန်းစိန်အရည်ကျိုကမ္ပဏီဒါရိုက်တာ ဦးစိုင်းဝန်းကျောက်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ဒီတံဆိပ်တုံးပုံစံ မှားနေတယ်ဆိုတာလည်း ဟုတ်ပါတယ်။ ဒါပေမဲ့ နိုင်ငံတော်အစိုးရအဆင့် အချင်းချင်း တရားဝင် ဖြေရှင်းပေးမှ အဆင်ပြေနိုင်မယ့် ကိစ္စဖြစ်ပါတယ်” ဟု တာချီလိတ်မြို့နေ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကလည်း ၎င်း၏အမြင်ကို ပြောဆိုခဲ့သည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ ကျိုင်းတုံမြို့ရှိ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲနိုင်က “သက်ဆိုင်ရာဌာနတွေကို လုပ်ထုံးလုပ်နည်းနဲ့ မှန်မှန်ကန်ကန်ဖြစ်အောင် ဆောင်ရွက်ပေးဖို့ ပြောလိုက်ပါမယ်” ဟု ကမ္ဘောဇတိုင်းသို့ ပြောဆို ခဲ့သည်။
.
ပြည်တွင်းမှ ထွက်ရှိသည့် ပြောင်းသီးနှံများကို တာချီလိတ်မြို့ရှိ မဲခေါင်မြစ်ကြောင်း ကုန်သွယ်ရေးလမ်းကြောင်းနှင့် တာချီလိတ် အမှတ် (၁/၂) ချစ်ကြည်ရေးတံတားများမှ တဆင့် ထိုင်းနိုင်ငံသို့ တင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats