ခန္တီးနှင့် ဟုမ္မလင်းမြို့နယ်များအား နာဂဒေသအတွင်း ထည့်သွင်းရန် ကြိုးပမ်းမှုကို ရှမ်းနီးတိုင်းရင်းသားများ ကန့်ကွက် - Kanbawza Tai News

Kanbawza Tai News

#StayAtHome

Breaking

COVID-19

Photo of three cats

Monday, February 24, 2020

ခန္တီးနှင့် ဟုမ္မလင်းမြို့နယ်များအား နာဂဒေသအတွင်း ထည့်သွင်းရန် ကြိုးပမ်းမှုကို ရှမ်းနီးတိုင်းရင်းသားများ ကန့်ကွက်


မင်းဇော်မင်း
.
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခန္တီးနှင့် ဟုမ္မလင်းမြို့နယ်များအား နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ထည့်သွင်းရန် ကြိုးပမ်းမှုအား ရှမ်းနီတိုင်းရင်းသားများမှ ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက်ကြောင်း ရှမ်းနီ (တိုင်းလျန်) သွေးစည်းညီညွတ်ရေးပါတီ ဒုဥက္ကဋ္ဌ ဦးစောဝင်းထွန်းထံက သိရသည်။
.
.
“ကျွန်တော် ကန့်ကွက်စာ ထုတ်ထားပြီးပါပြီ။ လုံးဝလက်မခံပါဘူး။ အကယ်၍ မဖြစ်မနေ လုပ်လာပြီဆိုရင် လည်း ဒေသခံတွေအနေနဲ့ ကန့်ကွက်ဆန္ဒပြသွားမှာဖြစ်ပါတယ်” ဟု ဦးစောဝင်းထွန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ပြီးခဲ့သည့် ဇန်နဝါရီလ ၂၁ ရက်က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ စစ်ကိုင်းတိုင်း ဒေသကြီး ခရီးစဉ်အတွင်း လေရှီးမြို့နယ်မှ ဒေသခံ ဦးကီးရှီးမှူး ဆိုသူက ခန္တီးနှင့် ဟုမ္မလင်းမြို့နယ်များအား နာဂကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ထည့်သွင်းပေးရန် တောင်းဆိုခဲ့မှုအပေါ် စစ်ကိုင်းတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက လိုအပ်သည့် စာရွက်စာတမ်းအထောက်အထားများဖြင့် ပြန်လည်တင်ပြရန် ခန္တီးခရိုင်နှင့် လဟယ်ဒေသ အုပ်ချုပ်ရေးမှူးတို့ထံ အကြောင်းကြားခဲ့ကြောင်း သိရသဖြင့် ကန့်ကွက်ရခြင်းဖြစ်သည်ဟု ၎င်းထံက သိရသည်။
.
“စုံစမ်းကြည့်တော့ တိုင်းဒေသကြီဂအစိုးရအဖွဲ့မှာပါတဲ့ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး၊ တိုင်းရင်းသားရေးရာ ကော်မတီဥက္ကဋ္ဌတို့လည်း လုံးဝသိရှိထားခြင်းမရှိဘူးလို့သိရတယ်။ ကျွန်တော်တို့ ဒီမိုကရေစီအစိုးရ သက်တမ်းမှာ အရပ် ဘက်အစိုးရဖြစ်တဲ့အတွက် ပြည်သူလူထုအပေါ်မှာ ပွင့်လင်းမြင်သာတဲ့ အုပ်ချုပ်ရေးပုံစံနဲ့ တိုင်းရင်းသားတွေကို အလေး ထားပြီး သွေးခွဲတဲ့စနစ်မျိုးကို မဖော်ဆောင်ဖို့ တောင်းဆိုပါတယ်” ဟု ဦးစောဝင်းထွန်းက ဆက်လက်ပြောဆိုခဲ့သည်။
.
ရှမ်းနီ (တိုင်းလျန်) သွေးစည်းညီညွတ်ရေးပါတီ (SSP) ၏ ကန့်ကွက်စာတွင် ခန္တီးနှင့် ဟုမ္မလင်းမြို့နယ်များ သည် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် နယ်မြေချင်း ထိစပ်နေသော်လည်း ဘာသားစကား၊ စာပေ၊ ယဉ်ကျေးမှု။ ဓလေ့ထုံးစံများ၊ သမိုင်းနောက်ခံများ တူညီချင်းမရှိကြောင်း ဖော်ပြထားသည်။
.
ထို့အပြင် အဆိုပါကိစ္စနှင့် ပတ်သက်၍ ခန္တီးနှင့် ဟုမ္မလင်းမြို့နယ်များရှိ ရှမ်းစာပေနှင့် ယဉ်ကျေးမှုကော်မတီ၊ ရှမ်းနီနွယ်ဖွား လူငယ်များ အဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများ စာပေနှင့် ယဉ်ကျေးမှုကော်မတီ (တက္ကသိုလ်များ-မုံရွာ)၊ ခန္တီးမြို့အခြေစိုက် ကချင် စာပေနှင့် ယဉ်ကျေးမှုကော်မတီ၊ လီဆူစာပေနှင့် ယဉ်ကျေးမှု ကော်မတီတို့မှလည်း ကန့်ကွက် ချက်များ အသီးသီး ထုတ်ပြန်ထားကြောင်း သိရသည်။
.
အင်္ဂလိပ်အစိုးရ အုပ်ချုပ်စဉ်ကာလက နာဂတောင်တန်းခရိုင်အဖြစ် ခန္တီးမြို့တွင် ခရိုင်ရုံးစိုက် ဖွင့်လှစ်ထားရှိခဲ့ သော်လည်း ၁၉၄၇ ခုနှစ် နိုင်ငံတော်ဖွဲ့စည်းတည်ဆောက်ပုံ အခြေခံဥပဒေအရ ခရိုင်အားလုံးကို ဖျက်သိမ်းရာတွင် နာဂ တောင်တန်းခရိုင်လည်း ပါဝင်ခဲ့ပြီး ၂၀၀၈ ခုနှစ် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ၌ လေရှီး၊ လဟယ်နှင့် နန်းယွန်းမြို့ နယ်တို့အား စုစည်းပြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
မကြာသေးမီကာလအတွင်းကလည်း ရှမ်းပြည်နယ်မြို့တော် တောင်ကြီးအပါအဝင် လွိုင်လင်၊ မောက်မယ်မြို့ နယ်များကို ပအိုဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ထည့်သွင်းဖွဲ့စည်းပေးရန် ပအိုဝ်းတိုင်းရင်းသားလူမျိုးပါတီတစ်ခု မှ ပြောဆိုမှုနှင့် ပတ်သက်၍ ရှမ်းတိုင်းရင်းသားပါတီများနှင့် ဒေသခံများက ကန့်ကွက်မှုများ ရှိခဲ့ကြောင်း သိရသည်။
.
မြို့နယ်တစ်ခုအတွင်း နေထိုင်သူ တိုင်းရင်းသားလူမျိုး ထက်ဝက်ကျော်ရှိလျှင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်း ထည့်သွင်းဖွဲ့စည်းနိုင်ရေး အချက် အပါအဝင် နဝတအစိုးရလက်ထက် အမျိုးသားညီလာခံမှ ချမှတ်ခဲ့သည့် အခြေခံမူ ၁၀၄ ချက်နှင့် ၂၀၀၈ ခုနှစ်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပါ အချက်အချို့သည် တိုင်းရင်းသားလူမျိုး ကြီး/ ငယ်အချင်းချင်း နယ်မြေရရှိမှုအပေါ် မူတည်၍ လူမျိုးရေး ပွတ်တိုက်မှုများ ရှိလာနိုင်သည်ဟု နိုင်ငံရေးလေ့လာသူ များက ဝေဖန်သုံးသပ် ပြောဆိုလျက်ရှိသည်။
.
၁၉၉၂ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်က ချမှတ်ခဲ့သော အမျိုးသားညီလာခံ အခြေခံမူ ၁၀၄ ချက် အနက် အမှတ်စဉ် (၁၆) ၌ တိုင်းဒေသကြီးများ သို့မဟုတ် ပြည်နယ်များတွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ရရှိပြီးသည့် တိုင်းရင်းသား လူမျိုးများမှအပ ကျန်တိုင်းရင်းသားလူမျိုးများအနက် လျော်ကန် သင့်မြတ်သည့် လူဦးရေရှိပြီး နယ်မြေ တဆက်တစပ်တည်းတွင် စုစည်းနေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးများအတွက် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရစီရင်စုများ သတ်မှတ်ပေးရန်ဟု ဖော်ပြထားပြီး ၂၀၀၈ ခုနှစ်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခန်း (၂) နိုင်ငံတော်ဖွဲ့စည်းတည် ဆောက်ပုံ၊ ပုဒ်မ ၅၆ တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း တစ်ခုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၅ ခု ဖွဲ့စည်းမှုကို ပြဌာန်း ဖော်ပြထားသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats