မိုင်းကိုင်ရှိ RCSS စခန်းကို တပ်မတော်မှ ဝင်တိုက် ဟုဆို - Kanbawza Tai News

Breaking

Boxed(True/False)

Saturday, February 29, 2020

မိုင်းကိုင်ရှိ RCSS စခန်းကို တပ်မတော်မှ ဝင်တိုက် ဟုဆို


မင်းဇော်မင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်အတွင်းရှိ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည် တပ်မတော် (RCSS/SSA) စခန်းတစ်ခုကို တပ်မတော်မှ အင်အား ၄၀၀ ခန့်ဖြင့် ဖေဖော်ဝါရီလ ၂၇ ရက်က ဝင်ရောက် တိုက်ခိုက်ခဲ့သဖြင့် ဖေဖော်ဝါရီလ ၂၇ ရက်မှ ၂၈ ရက်အထိ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု RCSS/SSA မှ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး အုမ်းခေးက ပြောသည်။
,
.
သူတို့က အင်အား ၄၀၀ လောက်ရှိမယ်။ စခန်းကို တိုက်တာ။ ဒီနေ့တော့ တိုက်ပွဲမဖြစ်တော့ဘူး။ မနေ့အထိတော့ လက်နက်ကြီးနဲ့ ပစ်သေးတယ်။ ရဟတ်ယာဉ် ဝဲပေမဲ့ မပစ်ဘူး။ ကျွန်တော်တို့ နားလည်ရခက်နေတယ်။ သတင်းမကြား ရလို့၊ တိုးမိလို့ တိုက်ပွဲဖြစ်တာမဟုတ်ဘူး။ ဒီတောင်ကုန်းကလည်း သွားရင်းလာရင်းနားနေကျဖြစ်တယ်။ လုံးဝထင်မှတ် မထားဘူး” ဟု ဒုဗိုလ်မှူးကြီး အုမ်းခေး ယနေ့ ဖေဖော်ဝါရီလ ၂၉ ရက်၊ နံနက်ပိုင်းတွင် ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ယင်းကဲ့သို့ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားမှုနှင့် ပတ်သက်၍ တိုက်ပွဲများ ရပ်တန့်ရေးနှင့် နောက်နောင်တွင် တိုက်ပွဲများ မဖြစ်ပွားစေရေး နှစ်ဦးနှစ်ဘက် အမြန်ဆုံး တွေ့ဆုံညှိနှိုင်းရန် လိုအပ်ကြောင်း RCSS က ဖေဖော်ဝါရီလ ၂၈ ရက်တွင် သတင်းထုတ်ပြန် ကြေညာထားသည်။
.
ဘယ်လိုသတင်း၊ ဘယ်လိုအချက်အလက်တွေရပြီး ဝင်တိုက်လဲမသိဘူး။ ဒါမျိုးက မလုပ်ကောင်း၊ မလုပ်သင့်ဘူးပေါ့။ ၂၁ ရာစုပင်လုံ သွားဖို့တောင် တစ်နှစ် ပျက်ပြားခဲ့တယ်။ ၂ ဘက် တွေ့ဆုံပြီး သဘောတူညီချက်တွေရယူ၊ အခြေအနေ ကောင်းနေတုန်းမှာ ဒီလိုကြီးထဖြစ်တော့ သံသယဝင်မိတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။
.
ထို့အတူ မိုင်းကိုင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံကလည်း “၂၇ ရက် မနက် ၈ နာရီလောက်ကနေ ညအထိ ပစ်ကြတယ်။ ၂၈ ရက်ကျတော့ လက်နက်ကြီးပစ်သံတွေ ကြားရတယ်။ ဒီနေ့ တော့ အသံမကြားရသေးဘူး။ ထူးခြားတာက စစ်ရှောင်ရွာသားတွေ မရှိတာပဲ။ ရွာထဲမပစ်တာလည်း ပါပါလိမ့်မယ်။ ငြိမ်းချမ်းရေးအတွက် စိတ်ပျက်စရာပါပဲ။ ဝူဟန်ကြောင့် လူစုလူဝေး မလုပ်ရတာနဲ့ အခု တိုက်ပွဲနဲ့ မိုင်းကိုင်တပေါင်းလ ဘုရားပွဲ ဈေးဆိုင်တန်းဆို အရင်ကလို ပြည့်တောင် မပြည့်ဘူး” ဟု ပြောဆိုခဲ့သည်။
.
တိုက်ပွဲဖြစ်ပွားရာ လွယ်တောင်း တောင်မှာ မိုင်းကိုင်မြို့၏ အရှေ့တောင်ဘက် မိုင် ၂၀ ခန့်အကွာ၊ ကျေးသီးမြို့မှ ၁၃ မိုင် ခန့်အကွာတွင် တည်ရှိပြီး မိုင်းကိုင်မြို့နယ်၊ ကျေးသီးမြို့နယ်နှင့် သီပေါမြို့နယ်တို့ ဆုံရာ နယ်စပ်တွင် တည်ရှိကြောင်း သိရသည်။
.
အဆိုပါတိုက်ပွဲနှင့် ပတ်သက်၍ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက ထုတ်ပြန်ထားသည့် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူထံသို့ ကမ္ဘောဇတိုင်းမှ ဆက်သွယ်မေးမြန်းရာတွင် ဖုန်းကိုင် ဖြေကြားခြင်း မရှိခဲ့ချေ။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)