နမ္မတူဆေးရုံ၌ ဆေးကုသမှုခံယူနေသော အမျိုးသားအား ကိုရိုနာဗိုင်းရပ်စ် သံသယလူနာစာရင်းမှ ပယ်ဖျက် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Tuesday, February 11, 2020

နမ္မတူဆေးရုံ၌ ဆေးကုသမှုခံယူနေသော အမျိုးသားအား ကိုရိုနာဗိုင်းရပ်စ် သံသယလူနာစာရင်းမှ ပယ်ဖျက်


စိုင်းရာဇာ
.
ရှမ်းပြည်နယ်​မြောက်ပိုင်း၊ နမ္မတူမြို့နယ်ပြည်သူ့ဆေးရုံတွင် ​ဆေးကုသမှု ခံယူ​နေသည့် အသက် ၄၅ နှစ်အရွယ် အမျိုးသားအား ကိုရိုနာဗိုင်းရပ်စ် သံသယလူနာအဖြစ် သတ်မှတ်ထားရာမှ ပယ်ဖျက်ခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ယနေ့ ဖေဖော်ဝါရီလ ၁၁ ရက် နေ့လယ်ပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့သည်ဟု သိရသည်။
.
.
"နမ္မတူ ဆေးရုံမှာ တက်နေတဲ့ ကိုရိုနာဗိုင်းရပ်စ် သံသယ ရှိသူရဲ့ ဆေးစစ်ချက်က Negative ဖြစ်နေပါတယ်" ဟု ကိုရိုနာဗိုင်းရပ်စ်(Coronavirus) အဆုတ်ရောင်ရောဂါ ရှမ်းပြည်နယ်အတွင်း၌ ဖြစ်ပွားမှုမရှိစေရေးအတွက် စောင့်ကြပ် စစ်ဆေးကုသရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ယင်းအမျိုးသားသည် နမ္မတူမြို့နယ်၊ ပန်ဝိုးကျေးရွာမှ ဖြစ်ပြီး ဇန်နဝါရီလ ၂၅ ရက်တွင် ဖျားခြင်း၊ ​ချောင်းဆိုးခြင်း၊ နှာစေးခြင်း စသည့် ​ရောဂါလက္ခဏာများ ခံစားရသဖြင့် ​ဖေ​ဖော်ဝါရီလ ၂ ရက်တွင် နမ္မတူမြို့နယ်ပြည်သူ့ဆေးရုံသို့ သွားရောက် ဆေးကုသမှုခံယူခဲ့ရာ စမ်းသပ် တွေ့ရှိချက်များအရ ကိုယ်အပူချိန် မြင့်တက်လျက်ရှိပြီး၊ အသက်ရှုလမ်းကြောင်းဆိုင်ရာလက္ခဏာများ တွေ့ရှိခဲ့ရာ သံသယလူနာအဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
၎င်းထံမှ ရရှိသော ဓာတ်ခွဲနမူနာများအား 2019 Novel Coronavirus ကြောင့် ဖြစ်ပွားသော ပြင်းထန် အဆုတ်ရောင် ရောဂါ ရှိ/မရှိ အတည်ပြု စစ်ဆေးအတည်ပြုနိုင်ရေးအတွက် ရည်ညွှန်းဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးစေခဲ့ခြင်း ဖြစ်ကာ ယင်းအမျိုးသား အပါအဝင် စုစုပေါင်း လူနာ ၆ ဦးတို့၏ ဓါတ်ခွဲအဖြေများတွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး မရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။
.
ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်၍ တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံတွင် ၁ ဦး၊  မောက်မယ်ဆေးရုံတွင် ၄ ဦး စုစုပေါင်း ဓါတ်ခွဲစစ်ဆေးချက် အဖြေစောင့်နေသူ ၅ ဦးရှိပြီး မြန်မာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဖေဖော်ဝါရီလ ၁၀ ရက်၊ ည ၈ နာရီထိ ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်သည့် လူနာ ၁၆ ဦး တို့အား သက်ဆိုင်ရာ ဆေးရုံများ၌ စောင့်ကြပ်ကြည့်ရှု ကုသပေးလျက်ရှိပြီး ၎င်းတို့၏ ကျန်းမာရေးအခြေအနေမှာ သက်သာကောင်းမွန်လျက်ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About