နမ္မတူ​​ဆေးရုံ၌ ​ဆေးကုသမှု ခံယူ​နေ​သော အမျိုးသားအား ကိုရိုနာ သံသယရှိသူ အဖြစ် သတ်မှတ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Monday, February 3, 2020

နမ္မတူ​​ဆေးရုံ၌ ​ဆေးကုသမှု ခံယူ​နေ​သော အမျိုးသားအား ကိုရိုနာ သံသယရှိသူ အဖြစ် သတ်မှတ်

စိုင်းရာဇာ
.
ရှမ်းပြည်နယ်​မြောက်ပိုင်း၊ နမ္မတူမြို့နယ်ပြည်သူ့ဆေးရုံတွင် ​ဆေးကုသမှု ခံယူ​နေသည့် အသက် ၄၅ နှစ်အရွယ် အမျိုးသားအား ကိုရိုနာဗိုင်းရပ်စ် သံသယ ရှိသူအဖြစ် သတ်မှတ်​ကြောင်း ကျန်းမာ​ရေးနှင့် အားကစား ဝန်ကြီးဌာနက ယ​​နေ့ (​ဖေ​ဖော်ဝါရီလ ၃ ရက်)၊ ညပိုင်း၌ ထုတ်ပြန်ခဲ့သည်။
.

ယင်းအမျိုးသားသည် နမ္မတူမြို့နယ်၊ ပန်ဝိုးကျေးရွာမှ ဖြစ်ပြီး ဇန်နဝါရီလ ၂၅ ရက်တွင် ဖျားခြင်း၊ ​ချောင်းဆိုးခြင်း၊ နှာ​စေးခြင်း စသည့် ​ရောဂါလက္ခဏာများ ခံစားရသဖြင့် ​ဖေ​ဖော်ဝါရီလ ၂ ရက်တွင် နမ္မတူမြို့နယ်ပြည်သူ့ဆေးရုံသို့ သွားရောက် ဆေးကုသမှုခံယူခဲ့ရာ ဆေးရုံတွင် စမ်းသပ် တွေ့ရှိချက်များအရ ကိုယ်အပူချိန် မြင့်တက်လျက်ရှိပြီး၊ အသက်ရှုလမ်းကြောင်းဆိုင်ရာလက္ခဏာများ တွေ့ရှိရခြင်း ဖြစ်​ကြောင်း သိရသည်။
.
" သံသယလူနာ ဆိုတာထက် ဖြစ်နိုင်​ခြေ ရှိ​သောလို့ပဲ တင်ပြပါတယ်။ ​သူ့ဟာသူ ဖျားပြီး ပြန်လာတာ​ပေါ့၊ ဖျားတဲ့သူ​တွေနဲ့ ထိ​တွေ့တာ​တော့ မဟုတ်ဘူး။ တရုတ်မှာ အလုပ် လုပ်တာ​တော့ မှန်တယ်၊ အဲဒီမှာ ကိုရိုနာနဲ့ ပတ်သက်တဲ့ လူနာ​တော့ မရှိဘူး။ ဖြစ်နိုင်​ခြေ ရှိတဲ့လူလို့ သတ်မှတ်ထားပါတယ်။" ဟု ရှမ်းပြည်နယ် ​မြောက်ပိုင်း ကုသ​ရေးနှင့် ပြည်သူ့ကျန်းမာ​ရေး ဦးစီးဌာနမှူး ​ဒေါက်တာ တင်​မောင်ညွန့်က က​မ္ဘောဇတိုင်းသို့ ​ပြောသည်။
.
လူနာသည် တရုတ်နိုင်ငံ၊ မုံးတိန်မြို့သို့ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်မှ ၂၈ ရက်ထိ သွား​ရောက်ခဲ့သည့် ခရီးသွား ရာဇဝင် ရှိသဖြင့် လူနာအား သံသယလူနာ အဖြစ် သတ်မှတ်၍ သီးခြားခန်း (isolation room) တွင် ထားရှိကာ ကုသမှုပေးလျက် ရှိ​ကြောင်းကျန်းမာ​ရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားခြင်း ဖြစ်သည်။
.
" တရုတ်က ပြန်လာတဲ့ အဖျား ရှိတဲ့သူတိုင်းကို သီးသန့် ခွဲထားပြီး ​စောင့်ကြည့် စစ်​ဆေးတာ​တွေ လုပ်​နေပါတယ်။ ဒီလူနာရဲ့ ဓါတ်ခွဲ နမူနာ​တွေကို ပို့ဖို့ အားလုံး စီစဥ်ပြီးပါပြီ။"ဟု ဒေါက်တာ တင်​မောင်ညွန့်က ဆက်လက် ​ပြောကြားသည်။
.
လူနာထံမှ ဓာတ်ခွဲနမူနာများအား ရယူ၍ 2019 Novel Coronavirus ကြောင့် ဖြစ်ပွားသော လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ ရှိ/မရှိ အတည်ပြု စစ်ဆေးနိုင်ရေးအတွက် ရည်ညွှန်းဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးရန် ဆောင်ရွက်လျက်ရှိ​ကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats

About