ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသည်ဟု သံသယရှိသော တရုတ်နိုင်ငံသား ၅ ဦး မူဆယ်သို့ ရောက်ရှိနေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Friday, February 7, 2020

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသည်ဟု သံသယရှိသော တရုတ်နိုင်ငံသား ၅ ဦး မူဆယ်သို့ ရောက်ရှိနေ


ကမ္ဘောဇတိုင်း
.
တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသည်ဟု သံသယရှိသော တရုတ်နိုင်ငံသား ၅ ဦးသည် မြန်မာနိုင်ငံ၊ မူဆယ်မြို့သို့ ရောက်ရှိနေကြောင်း တရုတ်ရဲတပ်ဖွဲ့မှ မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ အကြောင်းကြားလာသည် ဟု သိရသည်။
.
 
.
အဆိုပါ တရုတ်နိုင်ငံသား ၅ ဦး အနက် အမျိုးသား ၃ ဦးမှာ ဟောင်းချန်ရန် (၄၉) နှစ်၊ ဝမ်ချုံ (၂၈)နှစ်၊ ရွှီဝီကျွမ်း (၂၁)နှစ်တို့ ဖြစ်ပြီး အမျိုးသမီး ၂ ဦးမှာ လီချွင်ပေါင် (၅၂)နှစ်၊ ကျိန့်ချွန်ဖေ (၃၃)နှစ်တို့ ဖြစ်ကြောင်း သိရသည်။
.
ယင်းသို့ အကြောင်းကြားချက်အရ မြန်မာနိုင်ငံဘက်မှ တာဝန်ရှိသူများက ရှာဖွေစစ်ဆေးမှုများ ပြုလုပ်နေစဉ် ပန်ဆိုင်း (ကြူကုန်) မြို့၊ အမှတ် (၃) ရပ်ကွက်၊ အောင်မိုးဟိန်းလမ်းရှိ နေအိမ်တစ်ခုတွင် တရုတ်အမျိုးသမီး တစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ သွားရောက်ကြည့်ရှုစစ်ဆေးရာ ကျိန့်ချွန်ဖေ (၃၃ နှစ်) အား တွေ့ရှိခဲ့ရကြောင်း သိရသည်။
.
“တွေ့ရှိတဲ့ အမျိုးသမီးကို တရုတ်နိုင်ငံက လာခေါ်သွားပြီဖြစ်ပါတယ်” ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ပြောသည်။
.
ယင်း တွေ့ရှိခဲ့သည့် အမျိုးသမီးအား ပန်ဆိုင်း (ကြူကုတ်) မြို့၊ ပြည်သူ့ဆေးရုံမှ လက်ထောက်ဆရာဝန် တီခွန်ဆန်းဒွန်း က စမ်းသပ်စစ်ဆေးမှုများ ပြလုပ်ရာ ယခုလက်ရှိအချိန်၌ အဖျားရောဂါ မရှိကြောင်း တွေ့ရှိရသည်ဟု သိရသည်။
.
၎င်းတို့အား တရုတ်နိုင်ငံ၊ ရွှေလီမြို့မှ တဆင့် မူဆယ်မြို့သို့ ရောက်ရှိနေကြောင်း သိရ၍ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရသည်ဟု သံသယ ရှိသည့်အတွက် မြန်မာနိုင်ငံမှ ကြိုတင် ကာကွယ်မှုများ ပြုလုပ်နိုင်ရန်အတွက် ရွှေလီရဲဌာနက မူဆယ်ခရိုင်ရဲတပ်ဖွဲ့သို့ အကြောင်းကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ကျန်ရှိနေသည့် တရုတ်နိုင်ငံသားများအား ဆက်လက်ရှာဖွေမှုများ ပြုလုပ်လျက်ရှိပြီး ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မူဆယ်မြို့သည် တရုတ်နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် နှစ်နိုင်ငံ ပြည်သူများ ဝင်/ထွက်မှု ရှိသော နယ်စပ်မြို့ ဖြစ်သည်။
.

No comments:

Post a Comment

Journal Download

Photo of three cats