မိုင်းတုံတွင် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် စစ်ဆေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Wednesday, February 5, 2020

မိုင်းတုံတွင် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် စစ်ဆေး


မင်းဇော်မင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းတုံမြို့ပေါ် ရပ်ကွက်များအတွင်း ဖေဖော်ဝါရီလ ၄ ရက်မှ စတင်ကာ မီးဘေးကြိုတင် ကာကွယ်ရေးအတွက် စစ်ဆေးခြင်းနှင့် အကြံပြုခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
 
.
“မြို့နယ်အတွင်းမှာ မီးဘေးသင့်မှု မဖြစ်ရအောင် ကြိုတင်ကာကွယ်မှုတွေ စတင် လုပ်ဆောင်နေပါတယ်။ စစ်ဆေးအကြံပြုတာတွေ ၂ ပတ်လောက် လုပ်သွားမှာဖြစ်ပါတယ်” ဟု မိုင်းတုံမြို့နယ် မီးသတ် ဦးစီးဌာနမှူး ဦးသန့်စင်အောင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထိုသို့ စစ်ဆေးရာတွင် မိုင်းတုံမြို့ပေါ် ရပ်ကွက်များဖြစ်သည့် မြို့မ၊ နောင်ပါရင်၊ ကွက်သစ်၊ ဝမ်မိုင်ရပ်ကွက်များရှိ လူနေအိမ်များအား တစ်အိမ်တက်ဆင်း မီးဘေးလုံခြုံရေးအစီအမံများကို စစ်ဆေးကြည့်ရှုခဲ့ပြီး လိုအပ်သည်များကို အကြံပြုခဲ့ကြောင်း ၎င်းထံက သိရသည်။
.
ထို့အပြင် ဂက်စ်အိုး အသုံးပြုသူများအား မီးသတ်ဆေးဘူး ဆောင်ထားရန်၊ လျှပ်စစ်မီးကြိုး အဟောင်းများကို လဲလှယ် အသုံးပြုရန်၊ မီးချိတ်၊ မီးကပ်၊ သဲ၊ ရေထုပ်များ ထားရှိရန်၊ လူနေအိမ်အတွင်း လောင်စာဆီများ သိုလှောင်ခြင်းမပြုရန် အကြံပြုပြောကြားခဲ့ပြီး မိုင်းတုံမြို့မဈေးအတွင်း မီးသတ်ကား ဝင်/ထွက်နိုင်ရေးနှင့် ရေရရှိရေး အသိပညာပေးမှုများကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းလုပ်ဆောင်သွားရန်ရှိကြောင်း သိရသည်။
.
မီးစတင်လောင်ကျွမ်းသည့် အကြောင်းအရင်များတွင် ပြင်ပမီး၊ လျှပ်စစ်ဓါတ်အားရရှိသည့် နေရာများမှ အပူလွန်ကဲ လောင်ကျွမ်းသောမီး၊ အလိုလျောက် လောင်ကျွမ်းမီး၊ မီးပွား၊ တည်ငြိမ်လျှပ်စစ်၊ ပွတ်တိုက်မှု၊ လောင်စာ၊ မြူမှုံပေါက်ကွဲ မှု စသည့် မီးလောင်ကျွမ်းမှု အမျိုးမျိုး လောင်ကျွမ်းမှု ဖြစ်ပွားစေသည့် အချက်များကို အများပြည်သူ သိရှိပြီး မီးလောင်ကျွမ်းမှု ဖြစ်ပွား လာပါက ငြှိမ်းသတ်နိုင်ရေးအတွက် အသိပညာပေး ဟောပြောမှုများ လုပ်ဆောင်သွားမည်ဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။
.
မိုင်းတုံမြို့နယ်တွင် မိုင်းတုံ၊ ပုံပါကျင်၊ မုံးထ မီးသတ်စခန်း ၃ ခုရှိပြီး စခန်းတစ်ခုလျှင် အင်အား ၉ ဦးစီဖြင့် မီးသတ် တပ်ဖွဲ့ဝင် ၂၇ ဦး ရှိကာ အရန်မီးသတ်တပ်ဖွဲ့ဝင်များကိုလည်း ရပ်ကွက်၊ ကျေးရွာအလိုက် ဖွဲ့စည်းထားရှိပြီး မီးသတ်စခန်းတစ်ခုလျှင် မီးသတ်ယာဉ် ၂ စီး၊ ရေသယ်ယာဉ် ၂ စီး ထားရှိဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About