မောက်မယ်ဆေးရုံတွင် ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်၍ မိသားစုဝင် ၇ ဦး အား စောင့်ကြည့်နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Monday, February 10, 2020

မောက်မယ်ဆေးရုံတွင် ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်၍ မိသားစုဝင် ၇ ဦး အား စောင့်ကြည့်နေ


ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ မောက်မြို့နယ်၊ ဟိုနမ့်ကျေးရွာအုပ်စုမှ ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားသော ပြင်းထန်အဆုတ်ရောင်ရောဂါ နှင့် ပတ်သက်ပြီး မိသားစုဝင် ၇ ဦးအား ဖေဖော်ဝါရီလ ၉ ရက်၊ ညနေပိုင်းက မောက်မယ်ဆေးရုံ၊ သီးသန့်လူနာဆောင်၌ ထားရှိ၍ စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။
.
.
“သံသယလူနာအနေနဲ့တော့ ထားထားပေးတယ်။ ဒါက WHO Case Definition နဲ့ ဆိုင်နေတော့ မနက်ဖြန်မှာ သေချာ ထုတ်ပြန်သွားပါမယ်” ဟု ရှမ်းပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာနှင်းအိဖြူက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
တရုတ်နိုင်ငံ၊ ရွှေလီမြို့ရှိ စားသောက်ဆိုင်တွင် အလုပ်သမားအဖြစ် သွားရောက် အလုပ် လုပ်ကိုင်ရာမှ မောက်မယ် မြို့နယ်၊ ဟိုနမ့်ကျေးရွာအုပ်စု၊ လွယ်ခွန်ဟောင်းကျေးရွာသို့ ပြန်လည်ရောက်ရှိနေသည့် အသက် ၁၉ နှစ်နှင့် ၁၆ နှစ်အရွယ်ရှိ ညီအစ်မ ၂ ဦးသည် လက်ရှိ တောင်ကြီး မြို့၊ စဝ်စံထွန်းဆေးရုံတွင် ကိုရိုနာဗိုင်းရပ်စ် သံသယလူနာအဖြစ် ဆေးဝါးကုသမှုခံယူနေသော ဆီဆိုင်မြို့နယ်၊ ဘန်းယဉ် ကျေးရွာအုပ်စုမှ အသက် ၁၉ နှစ် အရွယ် လူငယ်နှင့်အတူ လမ်းခရီးတစ်လျှောက် အတူပြန်လာခဲ့ကြောင်း သိရသဖြင့် မောက်မယ်မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်သူရ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြမြသန်းနှင့် တာဝန်ရှိသူများမှ ဖေဖော်ဝါရီလ ၉ ရက်၊ ညနေပိုင်းတွင် အဆိုပါကျေးရွာသို့ သွားရောက်၍ ယင်းညီအစ်မ ၂ ဦးနှင့် အတူနေမိသားစုဝင်များအား ကျန်းမာရေးစစ်ဆေးခြင်းများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
.
ထိုသို့ စစ်ဆေးရာတွင် ရွှေလီမှပြန်လာသူ ၂ ဦးတွင် ချောင်းဆိုးခြင်း၊ ဖျားနာခြင်းများ ဖြစ်ပေါ် နေသည့်အပြင် အတူနေ မိသားစုဝင်များဖြစ်သည့် မိဘ ၂ ဦးတွင် ဖျားနာခြင်း၊ ချောင်းဆိုး ခြင်းများ ဖြစ်ပေါ်နေပြီး ကျန် မောင်နှမ ၃ ဦး တို့တွင် နှာစေးခြင်း၊ ချောင်းဆိုးခြင်းများ ဖြစ်ပွားနေကြာင်း စစ်ဆေးတွေ့ရှိခဲ့ရသည်ဟု သိရသည်။
.
သို့ဖြစ်၍ အဆိုပါ မိသားစုဝင် ၇ ဦးအား ဖေဖော်ဝါရီလ ၉ ရက်၊ ညနေပိုင်းတွင် မောက်မယ်ဆေးရုံရှိ သီးသန့်လူနာဆောင်၌ စောင့်ကြည့်ထားရှိကာ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ကိုရိုနာ ဗိုင်းရပ်စ်နှင့် ပတ်သက်သည့် အခြေအနေများအား ဖေဖော်ဝါရီလ ၁၀ ရက်တွင် ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats