မောက်မယ်မှ မိသားစုဝင် ၇ ဦးအား ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်၍ ၄ ဦးကို သံသယလူနာအဖြစ် သတ်မှတ်၍ ၃ ဦးကို စောင့်ကြည့်နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Monday, February 10, 2020

မောက်မယ်မှ မိသားစုဝင် ၇ ဦးအား ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်၍ ၄ ဦးကို သံသယလူနာအဖြစ် သတ်မှတ်၍ ၃ ဦးကို စောင့်ကြည့်နေ

စုလှိုင်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ မောက်မယ်ဆေးရုံ၊ သီးသန့်လူနာဆောင်၌ ထားရှိ၍ ​ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားသော ပြင်းထန် အဆုတ်ရောင်ရောဂါနှင့် ပတ်သက်ပြီး စောင့်ကြည့်​နေသည့် မိသားစုဝင် ၇ ဦးအနက် ၄ ဦးအား ကိုရိုနာဗိုင်းရပ်စ် သံသယအဖြစ် သတ်မှတ်၍ ကျန် ၃ ဦးကို စောင့်ကြည့်​နေလျက်ရှိကြောင်း သိရသည်။
.

"သံသယ ၄ ဦးရဲ့ အာခေါင်တို့ဖက် နမူနာနဲ့ နှာခေါင်းတို့ဖက် နမူနာကို ရန်ကုန်မြို့ အမျိုးသား ကျန်းမာရေး ဓာတ်ခွဲ ဌာနကနေ တစ်ဆင့် ထိုင်းနိုင်ငံကို ပို့ပြီး စစ်မှာပါ။ ၇ ယောက်ထဲက ၃ ယောက်ကို​ အတူနေ မိသားစုဆိုတော့ သီးခြား စောင့်ကြည့်နေပါတယ်” ဟုရှမ်းပြည်နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ နှင်းအိဖြူက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ သံသယလူနာအဖြစ် သတ်မှတ်ခဲ့သူ ၄ ဦးမှာ တရုတ်နိုင်ငံ၊ ရွှေလီမြို့မှ ပြန်လာသည့် အသက် ၁၉ နှစ်နှင့် ၁၆ နှစ်အရွယ်ရှိ ညီအစ်မ ၂ ဦးနှင့် ၄င်းတို့၏ မိဘ ၂ ဦးဖြစ်​ကြောင်း သိရသည်။
.
တရုတ်နိုင်ငံ၊ ရွှေလီမြို့တွင် သွားရောက် အလုပ် လုပ်ကိုင်ရာမှ မောက်မယ် မြို့နယ်၊ ဟိုနမ့်ကျေးရွာအုပ်စု၊ လွယ်ခွန်ဟောင်းကျေးရွာသို့ ပြန်လည် ရောက်ရှိနေသည့် အသက် ၁၉ နှစ်နှင့် ၁၆ နှစ်အရွယ်ရှိ ညီအစ်မ ၂ ဦးသည် လက်ရှိ တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံတွင် ကိုရိုနာဗိုင်းရပ်စ် သံသယလူနာအဖြစ် ဆေးဝါးကုသမှု ခံယူနေသော ဆီဆိုင်မြို့နယ်၊ ဘန်းယဉ် ကျေးရွာအုပ်စုမှ အသက် ၁၉ နှစ် အရွယ် လူငယ်နှင့်အတူ လမ်းခရီးတစ်လျှောက် အတူပြန်လာခဲ့ကြောင်း သိရသဖြင့် တာဝန်ရှိသူများမှ ဖေဖော်ဝါရီလ ၉ ရက်၊ ညနေပိုင်းတွင် အဆိုပါ ကျေးရွာသို့ သွားရောက်၍ ယင်းညီအစ်မ ၂ ဦးနှင့် အတူနေ မိသားစုဝင်များအား ကျန်းမာရေးစစ်ဆေးခြင်းများ ပြုလုပ်ရာ ရွှေလီမှပြန်လာသူ ၂ ဦးတွင် ချောင်းဆိုးခြင်း၊ ဖျားနာခြင်းများ ဖြစ်ပေါ် နေသည့်အပြင် အတူနေ မိသားစုဝင်များ ဖြစ်သည့် မိဘ ၂ ဦးတွင် ဖျားနာခြင်း၊ ချောင်းဆိုး ခြင်းများ ဖြစ်ပေါ်နေပြီး ကျန် မောင်နှမ ၃ ဦး တို့တွင် နှာစေးခြင်း၊ ချောင်းဆိုးခြင်းများ ဖြစ်ပွား​နေ​​ကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး​နောက် ​မောက်မယ်​ဆေး​ရုံ၌ သီးသန့် ထားရှိကာ ​စောင့်ကြည့်​နေခြင်း ဖြစ်​သည်။
.
ရှမ်းပြည်နယ် အတွင်း၌ ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်၍ သံသယံလူနာအဖြစ် သတ်မှတ်၍ ​ဓါတ်ခွဲ စစ်​ဆေးချက် အ​ဖြေ​စောင့်​နေသူ ယခင်က ၂ ဦး ရှိပြီး ၄င်းတို့မှာ နမ္မတူ​ဆေးရုံမှ အမျိုးသားနှင့် ​တောင်ကြီး စဝ်စံထွန်း​ဆေးရုံမှ လူငယ်တို့ ဖြစ်သည်။

No comments:

Post a Comment

Journal Download

Photo of three cats

About