ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်
ပြည်သူ့ဆေးရုံတွင် တရုတ်နိုင်ငံမှ ပြန်သော ဖျားနာနေသူ အမျိုးသားတစ်ဦးအား ယနေ့ ဖေဖော်ဝါရီလ
၁၀ ရက်မှ စတင်ပြီး ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်၍ စောင့်ကြပ်ကြည့်ရှု လျက်ရှိကြောင်း
သိရသည်။
.
.
အသက် ၃၆ နှစ်အရွယ် ယင်းအမျိုးသားသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၅
ရက်က တရုတ်နိုင်ငံ၊ ကူမင်းမြို့မှ ပြန်လည် ရောက်ရှိလာခြင်းဖြစ်ပြီး ဖေဖော်ဝါရီလ ၈ ရက်တွင်
စတင်ဖျားနာခြင်း၊ ချောင်းဆိုးခြင်းနှင့် လည်ပင်းနာခြင်း လက္ခဏာ များ ခံစားရသဖြင့် ၎င်းအား
မိုင်းခတ်မြို့နယ် ပြည်သူ့ဆေးရုံတွင် စောင့်ကြပ်ကြည့်ရှု ကုသပေးနေခြင်းဖြစ်ပြီး ၎င်းထံမှ
ဓာတ်ခွဲနမူနာအား ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရည်ညွန်း ဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးသွားမည်ဖြစ်ကြောင်း
သိရသည်။
“သံသယလို့တော့ မသတ်မှတ်သေးပါဘူး။ စောင့်ကြပ်ကြည့်ရှုနေတဲ့လူနာပါပဲ။
စ လာပြတဲ့အချိန်မှာတော့ အဖျား ရှိတယ်။ ချောင်းဆိုးတယ်။ လက်ရှိအခြေအနေမှာတော့ စိုးရိမ်စရာမရှိသေးပါဘူး။
သူနဲ့ အတူနေမိသားစုကိုလည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက လုပ်ထားတဲ့ စံလုပ်ထုံးလုပ်နည်း
လမ်းညွှန်အတိုင်းပဲ ဆောင်ရွက်ဖို့ မိုင်းခတ် မြို့နယ်ကျန်းမာရေးဦးစီးဌာနကို ညွှန်ကြားထားပါတယ်”
ဟု ရှမ်းပြည်နယ်အရှေ့ပိုင်း ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး
ဒေါက်တာမြင့်ကျော်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
လတ်တလာ စစ်ဆေးချက်များအရ ယင်းအမျိုးသားတွင် အခြား ပြင်းထန်အသက်ရှူလမ်းကြောင်းဆိုင်ရာလက္ခဏာများ
မတွေ့ရှိခဲ့ရကြောင်း သိရသည်။
.
ရှမ်းပြည်နယ် အတွင်း၌ ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်၍ ဓါတ်ခွဲ
စစ်ဆေးချက် အဖြေစောင့်နေသူ ယခင်က ၂ ဦး ရှိပြီး ၄င်းတို့မှာ နမ္မတူဆေးရုံမှ အမျိုးသားနှင့်
တောင်ကြီး စဝ်စံထွန်းဆေးရုံမှ လူငယ်တို့ ဖြစ်ကာ မောက်မယ်ဆေးရုံမှ မိသားစုဝင် ၄ ဦးနှင့်
ယခု မိုင်းခတ်ဆေးရုံမှ အမျိုးသားတစ်ဦးတို့၏ ဓါတ်ခွဲနမူနာများကို လည်း ထပ်မံပေးပို့
စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
.
ယနေ့ ဖေဖော်ဝါရီလ ၁၀ ရက်၊ ညပိုင်းအထိ ကမ္ဘာနိုင်ငံ ၂၈ နိုင်ငံတွင်
ဝူဟန် (ခေါ်) ကိုရိုနာဗိုင်းရပ်စ် (2019-nCoV) ကူးစက်ခံရသူ ၄၀၆၂၂ ဦး၊ သေဆုံးသူ ၉၁၁
ဦးနှင့် ပြန်လည် သက်သာလာသူ (Cured) ၃၄၅၁ ဦး ရှိလာပြီ ဖြစ်ကြောင်း သိရသည်။
.
No comments:
Post a Comment