လားရှိုးတွင် ဝက်မွေးမြူရေးခြံနှင့် ဝက်သားအရောင်းဆိုင်များအား စစ်ဆေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Sunday, February 16, 2020

လားရှိုးတွင် ဝက်မွေးမြူရေးခြံနှင့် ဝက်သားအရောင်းဆိုင်များအား စစ်ဆေး


မင်းဇော်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ ဈေးများအတွင်း ရောင်းချလျက်ရှိသော ဝက်သားများအား စားသုံးရန် ကျန်းမာ ရေးနှင့် ညီညွတ်မှုရှိ/မရှိနှင့် ဝက်မွေးမြူရေးခြံများတွင် ဝက်ရောဂါ ကင်းရှင်းမှုရှိ/မရှိတို့ကို ဖေဖော်ဝါရီလ ၁၅ ရက်၊ နံနက်ပိုင်းက အဖွဲ့စုံဖြင့် သွားရောက်စစ်ဆေးကာ လိုအပ်သည့် အကာအကွယ်လုပ်ငန်းများ လုပ်ဆောင်ပေးခဲ့ကြောင်း သိရသည်။
.
.
“စားသုံးသူတွေအတွက် လတ်ဆတ်သန့်ရှင်းပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အသားတွေ စားသုံးနိုင်ဖို့၊ အန္တရာယ်မရှိဖို့ စစ်ဆေးဆောင်ရွက်တာပါ။ အဓိက ကတော့ တရားဝင်လိုင်စင်နဲ့ ရောင်းချနေတဲ့ဆိုင်တွေမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ လတ်ဆတ်တဲ့အသားတွေကို ရောင်းချစေပြီး ပြည်သူတွေ စိတ်ချလက်ချ စားသုံးနိုင်ဖို့ လုပ်ဆောင်တာပါ” ဟု လားရှိုး မြို့ရှိ ဒုတိယပြည်နယ် စားသုံးသူရေးရာဦးစီးဌာနမှ ပြည်နယ်မှူး ဦးဇော်မင်းသန့်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထိုသို့ သွားရောက်စစ်ဆေးရာတွင် ဒုတိယပြည်နယ်စားသုံးသူရေးရာဦးစီးဌာနနှင့်အတူ ဒုတိယပြည်နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာသန်းနိုင်၊ စည်ပင်သာယာရေးဌာနတို့ ပူးပေါင်းကာ လားရှိုးမြို့မဈေးနှင့် အောင်မင်္ဂလာ ဈေးမှ ဝက်သားအရောင်းဆိုင်များကို သွားရောက်စစ်ဆေးခဲ့ပြီး လားရှိုးမြို့နယ်၊ ခေးနင်းကျေးရွာရှိ ရွှေကောင်းကင် ဝက်မွေးမြူရေးခြံနှင့် စံဖျက်ကျေးရွာရှိ ဝက်မွေးမြူရေးခြံများသို့ သွားရောက်၍ မွေးမြူထားသည့်ဝက်များ ရောဂါ ကင်းရှင်းမှု အခြေအနေကို သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
.
“မပေါ်ခင်လည်း မျက်မြင်စစ်တယ်။ ရောင်းချတဲ့အချိန်မှာလည်း စစ်ဆေးပါတယ်။ အရေပြားတွေပေါ်မှာ အနီစက်တွေ၊ အပြာရောင်တွေ ရှိနေရင် မပေါ်ခိုင်းဘူး။ ဝက်ဝမ်းကျရောဂါ ကာကွယ်ဆေးလည်း ပုံမှန်ထိုးပေးနေတဲ့အပြင် လိုင်စင်ရ အရောင်းဆိုင်တွေမှာပဲ ရောင်းချစေပါတယ်။ စားသုံးသူတွေအနေနဲ့လည်း ဒီဆိုင်တွေက အာမခံချက်ရှိတဲ့ အသားတွေ ကိုပဲ စားသုံးစေချင်ပါတယ်” ဟု လားရှိုးမြို့ရှိ ပြည်နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေး မှူး ဒေါက်တာသန်းနိုင်က ပြောသည်။
.
ဝက်မှလူကို တိုက်ရိုက်ရောဂါမကူးစက်နိုင်သော်လည်း ရှောင်ကြဉ်ခြင်းသာ အကောင်းဆုံးဖြစ်သဖြင့် စားသုံးသူများ အနေဖြင့် တရားဝင်လိုင်စင်ရ ဆိုင်များမှ အသားကိုသာ စစ်ဆေးဝယ်ယူကြရန်နှင့် မွေးမြူရေးခြံများတွင်လည်း စားကြွင်းစားကျန်များကို မကျွေးရန်၊ ကျန်းမာရေးပုံမှန်စစ်ဆေးခံရန်၊ ထူးခြားဖြစ်စည်ရှိပါက အချိန်နှင့် တစ်ပြေးညီ သတင်းပို့ရန် အသိပညာပေးမှုများကို ပြုလုပ်လျက်ရှိသည်ဟု ဒေါက်တာသန်းနိုင်က ဆက်လက်ပြောဆိုခဲ့သည်။
.
ထို့အတူ လားရှိုးမြို့နယ်စည်ပင်သာယာရေးဌာနမှ ဦးစီးအရာရှိ ဦးထိန်လင်းကလည်း “စည်ပင်ဌာန အနေနဲ့ကတော့ လိုင်စင်ရဆိုင်တွေမှာ ကျန်းမာရေးနဲ့ ညီညွတ်ပြီး သန့်ရှင်းလတ်ဆတ်တဲ့ အသားတွေကို ရောင်းချပေးနိုင်ဖို့ နေ့စဉ် စစ်ဆေးနေသလို သက်ဆိုင်ရာဌာနတွေနဲ့ ပူးပေါင်းပြီး ပြည်သူတွေ အန္တရာယ်မရှိအောင် ကြိုတင်ကာကွယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်နေပါတယ်။ အဓိက ကတော့ မွေးမြူရေးခြံတွေက ဝက်တွေကိုပဲ တရားဝင် ရောင်းချစေ ချင်ပါတယ်” ဟု ပြောဆိုခဲ့သည်။
.
လားရှိုးမြို့မဈေးတွင် လိုင်စင်ရ ဝက်သားအရောင်းဆိုင် ၈ ဆိုင်နှင့် အောင်မင်္ဂလာဈေးတွင် ၄ ဆိုင်ရှိပြီး ဝက်သားနှင့် အခြား အသားငါးများကို နေ့စဉ်စစ်ဆေးမှုများ ပြုလုပ် ရောင်းချစေလျက်ရှိကြောင်း ၎င်းထံက သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats