လားရှိုးဆေးရုံရှိ စောင့်ကြည့်လူနာ ၂ ဦးတွင် ကိုရိုနာဗိုင်းရပ်စ် မရှိကြောင်း ထုတ်ပြန် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Thursday, February 20, 2020

လားရှိုးဆေးရုံရှိ စောင့်ကြည့်လူနာ ၂ ဦးတွင် ကိုရိုနာဗိုင်းရပ်စ် မရှိကြောင်း ထုတ်ပြန်


ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ဆေးကုသမှု ခံယူနေသည့် စောင့်ကြည့် လူနာ ၂ ဦးတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး မရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့ ဖေဖော်ဝါရီလ ၂၀ ရက်၊ နံနက်ပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့သည်ဟု သိရသည်။
.
 
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်နေ အသက် ၁၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် ကျောက်မဲမြို့နယ်နေ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးတို့မှာ တရုတ်နိုင်ငံမှ ပြန်လာ ပြီးနောက် ချောင်းဆိုးခြင်း၊ ဖျာနာခြင်းများ ဖြစ်ပွားခဲ့သည့်အတွက် လားရှိုးမြို့ရှိ ပြည်သူ့ဆေးရုံကြီးတွင် စောင့်ကြပ် ဆေးကုသမှု ခံယူခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
.
“ရှမ်းပြည်နယ်အနေနဲ့ကတော့ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး သံသယဖြစ်ဖွယ်လူနာ အားလုံး ၁၀ ယောက် တွေ့ခဲ့ပါတယ်။ အဲဒီထဲမှာ နောက်ဆုံးကျန်တဲ့ လားရှိုးက ၂ ယောက်က ဒီနေ့အဖြေထွက်ပါပြီ။ Negative ပါ။ ၁၀ ယောက်လုံး ရောဂါမရှိကြောင်း ဓါတ်ခွဲခန်းကနေ အတည်ပြုပြီးဖြစ်ပါတယ်” ဟု ရှမ်းပြည်နယ်အတွင်း လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (COVID-19) စောင့်ကြပ်စစ်ဆေးကုသရေးကော်မတီ ဥက္ကဋ္ဌ၊  ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။ုး လံ
.
အဆိုပါ လားရှိုးပြည်သူ့ဆေးရုံမှ စောင့်ကြည့်လူနာ ၂ ဦး အပါအဝင် တစ်နိုင်ငံလုံးရှိ စောင့်ကြည့်လူနာ ၈ ဦးတို့၏ ဓါတ်ခွဲအဖြေများတွင် ကိုရိုနာဗိုင်းရပ်စ် (COVID-19) မရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။
.
မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်၍ စောင့်ကြည့်လူနာ ၁၁ ဦး ရှိရာတွင် ယခု ၈ ဦး၏မှာ ကိုရိုနာဗိုင်းရပ်စ် မရှိကြောင်း ဓါတ်ခွဲပေါ်ပေါက်သဖြင့် စောင့်ကြည့်လူနာ ၃ ဦး ကျန်ရှိနေကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About