အောင်ပန်းမြို့တွင် KTV ဆိုင်မှ ပြန်လာသော လူငယ်တစ်ဦး ဓါးထိုးခံရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Saturday, February 1, 2020

အောင်ပန်းမြို့တွင် KTV ဆိုင်မှ ပြန်လာသော လူငယ်တစ်ဦး ဓါးထိုးခံရ


စုလှိုင်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့တွင် ဇန်နဝါရီလ ၃၁ ရက်၊ ညပို်ငးက KTV ဆိုင်မှ ပြန်လာသော လူငယ်တစ်ဦး ဓါးထိုးခံရမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.

.
ကလောမြို့၊ အမှတ် (၉) ရပ်ကွက်နေ ရာဇာ (၂၀ နှစ်)၊ ကျောက်တန်းကျေးရွာနေ စိုင်းဇင်ဦး (ခ) ငပုတ် (၂၀ နှစ်)၊ မင်္ဂလာရပ်ကွက်၊ အောင်ပန်းမြို့နေ ဇော်မင်း (၃၈ နှစ်)နှင့် ပေါခင်ကျေးရွာ၊ နောင်တရားမြို့နေ ခွန်ထွန်းတင် (ခ) ငထွန်း (၁၉ နှစ်) တို့ ၄ ဦးသည် ဇန်နဝါရီလ ၃၁ ရက်၊ ညပိုင်းက အောင်ပန်းမြို့၊ လှည်းရိုးရပ်ကွက်ရှိ POWER FIVE KTV ဆိုင်တွင် သီချင်းသီဆိုနေစဉ် ခွန်ထွန်းတင် (ခ) ငထွန်းမှ ပြန်ရန်ပြောဆိုရာ ရာဇာက မပြန်လိုကြောင်း ပြောဆိုခဲ့ရာမှ စကားများကြပြီး ခွန်ထွန်းတင်က ဆိုင်းအတွင်းမှ ထွက်လာခဲ့ရာ ရာဇာမှ ခွန်ထွန်းတင် (ခ) ငထွန်းအား လက်သီးဖြင့် ထိုးသဖြင့် ခွန်ထွန်းတင်မှ အသင့်ပါလာသော ဓါးဖြင့် ရာဇာအား ထိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ယင်းကဲ့သို့ ဓါးဖြင့် ထိုးမှုကြောင့် ရာဇာတွင် ဝမ်းဗိုက် ချက်အပေါ်ဝဲဘက် ဓါးဖြင့်ထိုးသွင်းဒဏ်ရာတစ်ချက် (စိုးရိမ်ရ) ရရှိခဲ့ပြီး အောင်ပန်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
.
ယင်းကဲ့သို့ ဓါးဖြင့်ထိုးခဲ့မှုနှင့် ပတ်သက်၍ စိုင်းဇင်ဦး (ခ) ငပုတ်မှ ကလောမြို့နယ်၊ ကျောက်တန်းကျေးရွာနေ နန္ဒမျိုးအောင် (ခ) ကိုကြီးအား တယ်လီဖုန်းဖြင့် ဆက်သွယ်အကြောင်းကြားခဲ့ရာ နန္ဒမျိုးအောင် ရောက်ရှိလာပြီး ရာဇာအား ဓါးဖြင့်ထိုးသူ ခွန်ထွန်းတင် (ခ) ငထွန်းအား ဥပဒေအရ အရေးယူပေးရန် အောင်ပန်းနယ်မြေရဲစခန်းတွင် အမှုဖွင့်တိုင်တန်းခဲ့ကြောင်း သိရသည်။
.
"ဒဏ်ရာ ရတဲ့သူကတော့ အခု မစိုးရိမ်ရတော့ပါဘူး။ ပြစ်မှု ကျူးလွန်တဲ့သူကိုတော့ ဖမ်းထားတယ်။ သက်သေခံပစ္စည်း လည်း သိမ်းထားပြီးပါပြီ ” ဟု အောင်ပန်းနယ်မြေ ရဲစခန်းမှ ရဲအုပ် စိုးဝင်း က ကမ္ဘောဇ တိုင်းသို့ ပြောသည်။
.
သို့ဖြစ်၍ ရာဇာအား ဓါးဖြင့်ထိုးသူ ခွန်ထွန်းတင် (ခ) ငထွန်းအား အောင်ပန်းနယ်မြေ ရဲစခန်းမှ (ပ)၂၄ / ၂၀၂၀ ရာဇသတ်ကြီး ပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်စစ်ဆေး အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About