ကျိုင်းတုံမြို့တွင် ကိုရိုနာဗိုင်းရပ်စ် သံသယရှိသူ ၅ ဦးကို ခရီးသွားခွင့် ယာယီ တားမြစ်ထား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Saturday, February 1, 2020

ကျိုင်းတုံမြို့တွင် ကိုရိုနာဗိုင်းရပ်စ် သံသယရှိသူ ၅ ဦးကို ခရီးသွားခွင့် ယာယီ တားမြစ်ထား


ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံလေဆိပ်မှ မန္တလေးလေဆိပ်သို့ လေကြောင်းခရီးဖြင့် ယနေ့ ဖေဖော်ဝါလ ၁ ရက်တွင် ထွက်ခွာမည့် တရုတ်နိုင်ငံသား ၂ ဦး၊ မြန်မာနိုင်ငံသူ အမျိုးသမီး ၂ ဦးနှင့် အသက် တစ်နှစ်အရွယ် ကလေးငယ် (မ) တို့အား ကိုရိုနာဗိုင်းရပ်စ် သံသယဖြင့် ခရီးထွက်ခွာခွင့် ယာယီတားမြစ်၍ ကျိုင်းတုံပြည်သူ့ဆေးရုံကြီးရှိ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများ သီးသန့်ဆောင်သို့ ပို့ဆောင်ထားကြောင်း သိရသည်။
.
"ကျန်းမာရေး ဆေးစစ်ချက်အရ သံသယ ဖြစ်ဖွယ်လို့ သတ်မှတ်ပြီး ခရီးသွားခွင့် ယာယီပိတ်လိုက်တာ ဖြစ်ပါတယ်"ဟု ကျိုင်းတုံခရိုင် အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းသိန်းမှ ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ ကျိုင်းတုံမှ မန္တလေးသို့ လေကြောင်းလိုင်းဖြင့် ခရီးထွက်ခွာခွင့် ယာယီတားမြစ်ထားသူ တရုတ်နိုင်ငံသားများမှာ စီချွမ်ပြည်နယ်၊ စီချွမ်မြို့နေ Mr Wang Gang Mr Yuan An နှင့် မြန်မာနိုင်ငံသား အမျိုးသမီးများမှာ ကျိုင်းတုံမြို့နယ်၊ ပန်ကြူကျေးရွာအုပ်စု၊ ပန်ယောင်းရွာနေ မလင်းမွှေးနှင့် မအားစီးတို့ ဖြစ်ကြပြီး ၎င်းတို့အနက် Mr Wang Gang တွင် ခန္ဓာကိုယ် အပူချိန် ရှိနေကြောင်း စစ်ဆေး တွေ့ရှိရ၍ ၅ ဦးလုံးအား ကျိုင်းတုံ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ ကြပ်မတ်ကုသ စောင့်ကြည့်မှုများ ပြုလုပ်နေခြင်း ဖြစ်ကြောင်း သိရသည်။
.
၎င်းတို့သည် တရုတ်နိုင်ငံမှ မန္တလေးမြို့သို့ လေကြောင်းခရီးဖြင့် ဇန်နဝါရီလ ၁၉ ရက်တွင် ရောက်ရှိလာခဲ့ပြီးနောက် ကျိုင်းတုံမြို့သို့ ဇန်နဝါရီလ၂၃ ရက်တွင် ရောက်ရှိ၍ အမျိုးသား တစ်ဦးမှာ ဟိုတယ်တွင် တည်းခို၍ ကျန် ၃ ဦးမှာ ကျိုင်းတုံမြို့နယ်၊ ပန်ကြူကျေးရွာအုပ်စု၊ ပန်ယောင်းရွာတွင် တည်းခို နေထိုင်ခဲ့ပြီးနောက် တရုတ်နိုင်ငံသို့ လေယာဉ်ဖြင့် ပြန်လည် ထွက်ခွာချိန်တွင် ကျိုင်းတုံ လေဆိပ်၌ တာဝန်ရှိသူများက လိုအပ်သည့် ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်စဉ် ခရီး ထွက်ခွာခွင့်အား ယာယီတားမြစ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.

တရုတ်နိုင်ငံသား မိသားစု ၃ ဦး တည်းခိုနေထိုင်ခဲ့သော ကျိုင်းတုံမြို့နယ်၊ ပန်ကြူကျေးရွာအုပ်စု၊ ပန်ယောင်းရွာရှိ နေအိမ်မှ မိသားစုဝင်များနှင့် ဒေသခံများကို ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ကာ စောင့်ကြည့်သွားမည် ဖြစ်ကြောင်း ကျိုင်းတုံမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
.
ကျိုင်းတုံမြို့သို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိလာသည့် နိုင်ငံခြားသားများသည် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ညွှန်ကြားမှုဦးစီးဌာနမှ ခွင့်ပြုချက်ဖြင့် သတ်မှတ်ထားသော ဟိုတယ်များ၌သာ တည်းခိုရန် ညွှန်ကြားထားကြောင်း သိရသည်။
.
တရုတ်နိုင်ငံ၊ ဟူပေပြည်နယ်၊ ဝူဟန်မြို့မှ စတင်ဖြစ်ပွားခဲ့သည့် ကိုရိုနာဗိုင်းရပ်စ် (2019n-CoV) ကူးစက်ပြန့်ပွားမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ယနေ့ (ဖေဖော်ဝါရီလ ၁ ရက်)၊ ညနေပိုင်းတွင် မြန်မာနိုင်ငံသားများ၏ ကျန်းမာရေးအတွက် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ လာရောက်ကြမည့် ကမ္ဘာလှည့်ခရီးသွားများအား ဆိုက်ရောက်ဗီဇာ (Visa on Arrival) ထုတ်ပေးခြင်းကို ယာယီရပ်ဆိုင်းကြောင်း ကြေညာ ထုတ်ပြန်ခဲ့သည်။

No comments:

Post a Comment

Journal Download

Photo of three cats