မင်းဇော်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ မိုင်းတင်းကျေးရွာအုပ်စု၊
မန်စန်းကျေးရွာအနီးတွင် ယနေ့ ဖေဖော်ဝါရီလ ၁၃ ရက်၊ နံနက်ပိုင်းက နွားကျောင်းသွားသူ အမျိုးသားတစ်ဦး
သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။
.
.
မိုင်းတင်းကျေးရွာအုပ်စု၊ မန်စန်းကျေးရွာနေ ဦးကောထို (ခ) စိုင်းအောင်ကြည်
(၄၀ နှစ်) သည် ယနေ့ ဖေဖော်ဝါရီလ ၁၃ ရက်၊ နံနက် ၉ နာရီခွဲအချိန်ခန့်က ကျေးရွာအောက် သင်္ချိုင်းအနီးရှိ
၎င်းပိုင် လယ်ကွက်အနီးတွင် နွားကျောင်းနေစဉ် ပေ ၅၀ ခန့် အကွာရှိ ဝါးရုံတောအတွင်းမှ
အမည်မသိ လက်နက်ကိုင်များက ပစ်ခတ်သဖြင့် ဝဲဘက်မေးရိုး ပွင့်ထွက်ဒဏ်ရာ တစ်ချက်၊ လည်ပင်းအောက်
ယာဘက်ညှပ်ရိုးကျိုးဒဏ်ရာ တစ်ချက်တို့ဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသူအား နမ့်ခုံးပရဟိတအသင်းမှ ယာဉ်ဖြင့် ကျောက်မဲမြို့သို့
ပို့ဆောင်ခဲ့ပြီး ဦးကောထိုအား သေနတ်ဖြင့် ပစ်ခတ် သွားသူကို အမှုဖွင့်အရေးယူနိုင်ရေး
ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
အဆိုပါ မိုင်းတင်းကျေးရွာအုပ်စုတွင် ဇန်နဝါရီလ ၂၂ ရက်က ကျေးရွာအုပ်စုစာရေးအား
အမည်မသိ လက်နက်ကိုင်များ မှ ပစ်ခတ်မှု ဖြစ်ပွားခဲ့သလို ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ
၃ ရက်ကလည်း မိုင်းတင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး အပါအဝင် အမျိုးသား ၃ ဦး အား အမည်မသိ
လက်နက်ကိုင်များမှ သေနတ်ဖြင့် ပစ်ခတ်သဖြင့် သေဆုံးခဲ့သည့်အပြင် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ
၂၃ ရက်၊ ညနေပိုင်းကလည်း ယင်းကျေးရွာမှ ပြည်ခိုင်ဖြိုးပါတီ အလုပ်အမှုဆောင်တစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရပြီး
သေဆုံးခဲ့ကြောင်းသိရသည်။
.
No comments:
Post a Comment