ကလောတွင် မိခင်မှ ဆိုင်ကယ်မဝယ်ပေးဟုဆိုကာ နေအိမ်မီးရှို့မှုဖြစ်ပွား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Thursday, February 13, 2020

ကလောတွင် မိခင်မှ ဆိုင်ကယ်မဝယ်ပေးဟုဆိုကာ နေအိမ်မီးရှို့မှုဖြစ်ပွား


မင်းဇော်မင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့တွင် ဖေဖော်ဝါရီလ ၁၂ ရက်က မိခင်က ဆိုင်ကယ်မဝယ်ပေးသဖြင့် သားဖြစ်သူမှ နေအိမ်အား မီးရှို့မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.
“ဆိုင်ကယ်လိုချင်လို့ ဝယ်ခိုင်းတာ မဝယ်ပေးလို့ဆိုပြီး အခုလိုလုပ်တာလို့ သိရပါတယ်” ဟု ကလောမြို့မရဲစခန်းမှူး ဒုရဲမှူး လှနိုင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ကလောမြို့၊ အမှတ် (၆) ရပ်ကွက်၊ သာယာကုန်းရပ်နေ ဇင်ကိုဦး (၁၉ နှစ်) သည် ဖေဖော်ဝါရီလ ၁၂ ရက်၊ နံနက် ၉ နာရီ ၄၅ မိနစ်ခန့်က မိခင်ဖြစ်သူအား ဆိုင်ကယ်ဝယ်ခိုင်းရာ မဝယ်ပေးသည့်အတွက် နေအိမ်အရှေ့ရှိ အမှိုက်ပုံအတွင်းမှ တာယာ အား ယူဆောင်ကာ နေအိမ်အား ၎င်းကိုယ်တိုင် မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ယင်းကဲ့သို့ မီးရှို့မှုကြောင့် အလျား ၁၂ ပေ၊ အနံ ၁၀ ပေ၊ အမြင့် ၁၀ ပေရှိ သွပ်မိုး၊ ပျဉ်ထောင်အိမ်တစ်လုံး မီးလောင် ဆုံးရှုံးခဲ့ပြီး မီးလောင်မှုဖြစ်ပွားရာသို့ ရပ်ကွက်နေပြည်သူများမှ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၁၀ နာရီ ခန့်တွင် မီးအား ငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
.
အဆိုပါအမှုမှ မိမိနေအိမ်အား မီးဖြင့်ရှို့ခဲ့သူ ဇင်ကိုဦးအား ကလောမြို့မရဲစခန်းမှ  (ပ)၂၁/၂၀၂၀ ရာဇသတ်ကြီးပုဒ်မ ၄၃၆ ဖြင့်အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About