ဟဲဟိုးမြို့ရှိ သဒ္ဓမ္မရံသီ မဟာဆန္ဒပြည့်စေတီတော်အား စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ထီးတော် တင်လှူပူဇော် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Tuesday, February 11, 2020

ဟဲဟိုးမြို့ရှိ သဒ္ဓမ္မရံသီ မဟာဆန္ဒပြည့်စေတီတော်အား စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ထီးတော် တင်လှူပူဇော်


မောင်မောင်သန်း (တောင်ကြီး)
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့ရှိ သဒ္ဓမ္မရံသီ မဟာဆန္ဒပြည့်စေတီတော်  စိန်ဖူးတော်၊ ငှက်မြတ် နားတော်နှင့် ထီးတော်တင်လှူပွဲကို ဖေဖော်ဝါရီလ ၁၀ ရက်က အဆိုပါစေတီ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
.
.
အခမ်းအနားကို ဆရာတော်၊ သံဃာတော်များ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ဧည့်ပရိသတ်များက နမောတဿ ၃ ကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပြီး ရန်ကုန်မြို့၊ ဇေယျဝတီစာသင်တိုက် မဟာဂန္ထဝါစကပဏ္ဍိတ ဆရာတော် ဦးဥတ္တရထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။
.
ဆက်လက်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ဇနီးဒေါ်နန်းရွှေမြင့်တို့က စိန်ဖူးတော်ကိုလည်းကောင်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီးတို့မှ ငှက်မြတ်နားတော်ကိုလည်းကောင်း၊ အရံစေတီ ၈ ဆူ စိန်ဖူးတော်များကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဦးစိုင်းလုံကျော်နှင့်ဇနီး၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး တို့မှ လည်းကောင်း၊ ဌာပနာသွင်းမည့် လက်ဝတ်ရတနာပစ္စည်းများတို့ကို အမျိုးသားလွှတ်တော်၊ ပြည်နယ်ကိုယ်စားလှယ်များမှလည်းကောင်း ဆရာတော်၊ သံဃာတော်များအား ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
.
ထို့နောက် ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ဇနီးအမှူးပြုသော တာဝန်ရှိသူများနှင့် ဧည့်ပရိတ်သတ်တို့က စိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့ကိုပင့်ဆောင်၍ ဘုရားရင်ပြင်စေတီတော်အား လက်ယာရစ် တစ်ပတ်လှည့်လည်ကာ “မြလေယာဉ်” မင်္ဂလာပန်းရထားဖြင့် တင်လှူပူဇော်ခဲ့ပြီး ရတနာစိန်ဖူးတော်နှင့် ရွှေထီးတော်ဘုံဆင့်များကို ပရိတ်နံ့သာရေ၊ တရော်ကင်ပွန်း၊ ရေစင်ရေသန့်များ ပက်ဖျန်းပူဇော်ကာ ဆရာတော်အရှင်သူမြတ်က ဗုဒ္ဓါဘိသေက အနေကဇာတင်ပေးခဲ့ကြောင်း သိရသည်။
.
အဆိုပါ ဟဲဟိုးမြို့၊ လေသာတောင်ရှိ သဒ္ဓမ္မရံသီ မဟာဆန္ဒပြည့်စေတီတော်  ထီးတော်တင်လှူပွဲကို မြန်မာ့ရိုးရာ ခြင်းလုံးအလှခတ် ဖျော်ဖြေပြိုင်ပွဲ၊ မီးပုံးပျံလွှတ်တင်ပူဇော်ပွဲများဖြင့် ဖေဖော်ဝါရီလ ၈ ရက်မှ ၁၀ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About