ကျောင်းစစ်စာမေးပွဲများအား တက္ကသိုလ်ဝန်တန်းစာမေးပွဲမတိုင်မီ စစ်ဆေးရန် သဘောတူ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Monday, February 10, 2020

ကျောင်းစစ်စာမေးပွဲများအား တက္ကသိုလ်ဝန်တန်းစာမေးပွဲမတိုင်မီ စစ်ဆေးရန် သဘောတူ


မင်းဇော်မင်း
.
နေပြည်တော်ရှိ အမျိုးသားလွှတ်တော်တွင် ဖေဖော်ဝါရီလ ၃ ရက်က အမျိုးသားလွှတ်တော် ပညာရေးမြှင့်တင် မှုကော်မတီနှင့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးတို့ တွေ့ဆုံရာ၌ ကျောင်းစစ်စာမေး ပွဲများအား တက္ကသိုလ်ဝင်တန်းမတိုင်မီ စစ်ဆေးရန် သဘောတူခဲ့သည်ဟု ယင်းအစည်းအဝေးသို့ တက်ရောက်ခဲ့သူ ရှမ်း ပြည်နယ် မဲဆန္ဒနယ်အမှတ် (၇) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်ထံက သိရသည်။
.
.
“တော်တော် ညှိနှိုင်းယူရပါတယ်။ ဦးအောင်ကြည်ညွန့်က အဓိက ဆောင်ရွက်သွားတာပါ။ အစကတော့ လက် မခံပေမဲ့ နောက်ဆုံးမှာ လက်ခံသွားတယ်” ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်က ကမ္ဘာဇတိုင်းသို့ ပြောသည်။
.
အစည်းအဝေးတွင် ပညာရေးမြှင့်တင်မှု ကော်မတီအပြင် စိတ်ပါဝင်စားသူ အမျိုးသားလွှတ်တော်ကိုယ်စား လှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
.
“အားလုံး အဆင်ပြေပါတယ်။ အနေအထားကလည်း တဖြည်းဖြည်းနဲ့ တိုးလာနေတယ်။ ဝန်ကြီးနဲ့လည်း အပြေအလည်ညှိရပါတယ်။ ပညာရေးမြှင့်တင်မှု ပြောင်းလဲတာက လက်ခံတယ်။ ဒါပေမဲ့ ဘယ်လိုဖြေလျှော့ပေးမှာလဲ သိချင်တယ်။ ညှိရင်းညှိရင်းနဲ့ အဆင်ပြေသွားတာ။ ၄ တန်း၊ ၈ တန်းပြီးတာနဲ့ ကျောင်းစစ်တွေစစ်မယ်။ ပြီးတာနဲ့ ၁၀ တန်း စစ်မယ်” ဟု အမျိုးသားလွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီဝင် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၁၁) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအေးဗိုလ်က ပြောသည်။
.
မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ/ဆရာများအဖွဲ့ချုပ် (Myanmar Teacher’s Federation) အဆင့်မြင့်ကဏ္ဍ၏ အတွင်းရေးမှူး ဒေါက်တာ ဇော်မျိုးအောင်ကလည်း ယင်းသတင်း မှန်ကန်ကြောင်း ပြောဆိုခဲ့သည်။
.
အလားတူ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၆) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဦးကြွယ်ကြွယ်ကလည်း ကျောင်းဖွင့်ရက် ကာလကိစ္စနှင့် ပတ်သက်၍ ပညာရေးဝန်ကြီးဌာနက လွှတ်တော်သို့ လာ ရောက်ရှင်းလင်းခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်များက ကျောင်းစစ်စာမေးပွဲများကို တက္ကသိုဝင်တန်း မတိုင်မီ အပြီး စစ်ဆေးရန် အကြံပြုခဲ့ရာ ပြည်ထောင်စုဝန်ကြီးက သဘောတူလက်ခံခဲ့ကြောင်း ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။
.
ယင်းကဲ့သို့ အခြေခံပညာကျောင်အဆင့် စာမေးပွဲကာလ သတ်မှတ်ရေးနှင့် ပတ်သက်၍ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ဖေဖော်ဝါရီလ ၄ ရက်တွင် အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ ပြင်ဆင်သတ်မှတ်ခဲ့သည်ဟု သိရ သည်။
.
အဆိုပါ ထုတ်ပြန်ကြေညာချက်အရ KG၊ Grade 1၊ Grade 2၊ Grade 3၊ Grade 6 Grade 7၊ Grade 8၊ Grade 10 စာမေးပွဲများကို မတ်လ ၄ ရက်မှ ၁၀ ရက်အတွင်း စစ်ဆေးရန်၊ Grade 5 နှင့် Grade 9 အတန်းများ စာမေးပွဲ ကာလ ဖြစ်သော ဖေဖော်ဝါရီလ ၂၄ ရက်မှ မတ်လ ၃ ရက်အတွင်း သင်ကြားရေးဆရာ အရေအတွက်ပေါ်မူတည်၍ ကျန် အတန်းများ ကျောင်းတက်ရောက်ရန် ညွှန်ကြားထားကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About