ရွေးကောက်ပွဲနှင့် လူမှုကွန်ရက် ပန်းခင်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Wednesday, February 26, 2020

ရွေးကောက်ပွဲနှင့် လူမှုကွန်ရက် ပန်းခင်း


ကမ္ဘောဇတိုင်း
.
၂၀၂၀ ပြည့်နှစ်သည် မြန်မာနိုင်ငံအဖို့ ပြည်လုံးကျွတ် အထွေထွေရွေးကောက်ပွဲ ကျင်းပရန် ရှိနေသည့် နှစ်တစ် နှစ် ဖြစ်သည်။ ရွေးကောက်ပွဲကာလ နီးကပ်လာသည်နှင့်အမျှ တရားဝင် မဲဆွယ်စည်းရုံးချိန် မဟုတ်သေးသော်လည်း ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ဖွယ်ရှိသည့် နိုင်ငံရေးပါတီများ၏ မသိမသာ တစ်မျိုး၊ သိသိသာသာ တစ်ဖုံ လူထုနှင့် ထိတွေ့မှုများကို ခပ်စိတ်စိတ် ပြုလုပ်လာသည်ကို တွေ့မြင်လာရသည်။
.
ရွေးကောက်ပွဲနှင့် နိုင်ငံရေး အတွေ့အကြုံ နုနယ်သေးသည့် မြန်မာပြည်သူများအတွက် ယင်းကဲ့သို့ ထိတွေ့မှု များက ပြည်သူလူထုအတွက် နိုင်ငံရေး အတွေးအမြင်များကို နှိုးဆွပေးသည့်အတွက် အကျိုးကျေးဇူး များစွာ ဖြစ် ထွန်းစေသလို ၄ နှစ်ကျော် ပျောက်ဆုံးနေသည့် လက်ရှိ ရွေးကောက်ခံ လွှတ်တော်အမတ်များသည်လည်း ပွဲချိန်ပြည့် ကာနီး ကစားသမားများကဲ့သို့ ခြေစွမ်းကုန် ထုတ်၍ ကစားလာနေကြသည်။
.
ယနေ့ကာလသည် နည်းပညာ တိုးတက်ပြောင်းလဲလာမှုနှင့် ခေတ်ရေစီးကြောင်း ပြောင်းလဲလာမှုများအရ ပြည်သူအများစုသည် လူမှုကွန်ရက်ကို များစွာ မှီခိုလာကြသည်။ ယင်းအချက်ကို ကောင်းစွာသိကြသော နိုင်ငံရေး သမားများနှင့် ထောက်ခံသူများက ဝါဒဖြန့်ချိရေးအတွက် လူမှုကွန်ရက်ကို အသုံးချလာကြသည်။
.
ရွေးကောက်ပွဲဝင်ရန် ရည်မှန်းထားသည့် ပုဂ္ဂိုလ်များအနေဖြင့် လူမှုကွန်ရက်မှတစ်ဆင့် ၎င်းအား ထောက်ခံသည့် လူထုနှင့် လူမှုကွန်ရက်တွင် အလွယ်တကူ ချိတ်ဆက်နိုင်သလို ၎င်းအား ထောက်ခံသူများကလည်း ၎င်း၏ သတင်း အချက်အလက်များကို အခြားသူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် အချိန်ကုန်၊ လူပင်ပန်း သက်သာ စွာဖြင့် လွယ်လွယ်ကူကူ ဝါဒဖြန့်ဆွဲဆောင်လာနိုင်မည် ဖြစ်သည်။
.
သို့သော် နိုင်ငံရေး မသမာသော ရည်ရွယ်ချက်ရှိသူများ၊ အဖွဲ့အစည်းများ သို့မဟုတ် တစ်ဘက်အဖွဲ့အစည်းကို အောက်တန်းစား တိုက်ခိုက်လိုသူများက လူမှုကွန်ရက်ကို ဝါဒဖြန့်ချိရေး လက်နက်တစ်ခုအဖြစ် အသုံးချရာတွင် အသုံးပြုသူ အင်အားကြီးမားကျယ်ပြန့်သည့် လူမှုကွန်ရက်၌ ထိလွယ်ရှလွယ် ကိစ္စရပ်များ၊ နှစ်ဘက် အငြင်းပွားမှုများ လည်း ဖြစ်လာနိုင်ပါသည်။
.
အဆိုးရွားဆုံးအချက်မှာ တာဝန်ယူမှု၊ တာဝန်ခံမှု မရှိသော သတင်းအတုအယောင်များ၊ သတင်းအမှားများကို ရည်ရွယ်ချက် ရှိရှိဖြင့် ဖြန့်ဝေနေသည့် လူမှုကွန်ရက်နှင့် ဝက်ဘ်ဆိုက်အတုအယောင်များပင် ဖြစ်သည်။ ၎င်းတို့က တစ် ဘက်အဖွဲ့အစည်းကို နည်းမျိုးစုံဖြင့် အပုပ်ချ တိုက်ခိုက်ကြသည်။ ထိုမှတစ်ဆင့် နှစ်ဘက်အဖွဲ့အစည်းများအကြား မလိုလားအပ်သည့် အမုန်းပွားမှုများ ဖြစ်ပေါ်လာနိုင်သည်ကို သတိချပ်ရမည် ဖြစ်သည်။
.
နိုင်ငံအတွင်း ပြန်ကြားရေးဝန်ကြီးဌာန၏ တရားဝင်ခွင့်ပြုချက်ဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရှိ၊ သမာသမတ် ကျကျဖြင့် အယ်ဒီတာအဖွဲ့ဖြင့် ရေးသားထုတ်လွှင့်၊ ထုတ်ဝေဖြန့်ချိနေသော သတင်းစာ၊ မီဒီယာ အများအပြား ရှိနေသော်လည်း ယင်းတို့မှာ လူမှုကွန်ရက်၏ လွှမ်းမိုးမှုကို မကျော်လွန်နိုင်သည့် သဘောမျိုး သက်ရောက်နေသည်။ သာမန် လူမှုကွန်ရက် အသုံးပြုသူအချို့က ယင်းတရားဝင် သတင်းမီဒီယာများမှ ထုတ်လွှင့်ဖြန့်ချိသည့် သတင်း မှန်များကို ဖတ်ရှုရကောင်းမှန်း မသိဘဲ လူကြိုက်များအောင် အကျိုးမဲ့ ပေါ်ပင်သတင်းအကြောင်းအရာ အတုနှင့် အစစ်များကို ရေးသား ဖော်ပြနေသည့် လူမှုကွန်ရက်အများစု၌သာ အချိန်ကုန်နေကြသည်။ အစိုးရအဖွဲ့ဝင်များက ပင် တရားမဝင်စာမျက်နှာများကို ဖတ်ရှု၍ မျှဝေနေကြသည်ကလည်း လွန်စွာ စိတ်ပျက်ဖွယ်ရာပင် ဖြစ်သည်။
.
ယင်းအချက်က တရားဝင် သိက္ခာ သမာဓိ ရှိစွာဖြင့် ရေးသားထုတ်လွှင့် ဖြန့်ချိ၊ ထုတ်ဝေနေသည့် သတင်းမီဒီယာ များအတွက် ရေရှည်ရပ်တည်လာနိုင်ရေး ခက်ခဲလာစေသလို နိုင်ငံ့အနာဂတ်အတွက်လည်း စိုးရိမ်ဖွယ်ရာ ဖြစ်နေ သည်။
.
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအနေဖြင့် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကပင် သတင်းအတုအယောင်များ၊ သတင်းအမှားများနှင့် တရားဝင် သတင်းဌာနများ၏ သတင်းများကို ခိုးယူဖော်ပြနေသည့် ဝက်ဘ်ဆိုက်များနှင့် လူမှု ကွန်ရက် စာမျက်နှာများ၏ အမည်စာရင်းကို တတိယအကြိမ်မြောက်အဖြစ် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်။
.
သို့သော် ထိရောက်သည့် အရေးယူဆောင်ရွက်မှု တစ်စုံတစ်ရာ မဆောင်ရွက်နိုင်သေးသမျှ ကာလပတ်လုံး အမည်စာရင်း ကြေညာခြင်းသည်လည်း ကြေညာချက်ထုတ်ရုံသက်သက် တစ်ခုထက် မပိုဟု သုံးသပ်မိပါသည်။
.
လူမှုကွန်ရက်ဟူသည်မှာ တစ်နည်းအားဖြင့် ပန်းရောင်စုံ ပွင့်ဖူးနေသည့် ပန်းခင်းကြီး တစ်ခုသဖွယ် ဖြစ်ပါသည်။ အလှအပ မြတ်နိုးသူများက ဓါတ်ပုံ အလှအပများ၊ ခရီးသွား ဝါသနာထုံသူများက ခရီးသွား ဓါတ်ပုံတင်ကြသည်။ ဘာသာရေး ဝါသနာထုံသူများက ဘာသာရေးဆိုင်ရာ အကြောင်းအရာများကို တင်ကြသည်။ သက်ဆိုင်ရာ ဘာ သာရပ်အလိုက် ဝါသနာရှင်များ၊ ပညာရှင်များက မိမိကျွမ်းကျင်ရာ ပညာရပ်အလိုက် ပို့စ်တင်ကြသည်။ သိရှိလို သည်များကို ဝါသနာတူသူအချင်းချင်း မေးမြန်းဖေးမကူညီကြသည် စသည်ဖြင့် ရောင်စုံသတင်းထုံနေသည့် လူ မှုအသိုင်းအဝိုင်း ရောင်စုံပန်းခင်းကြီး တစ်ခုဖြစ်သည်။ သတင်းမီဒီယာ ဟူသည်မှာလည်း လူထုကြားမှ ပေါက်ဖွား လာသည့် ကဏ္ဍတစ်ခုဖြစ်သည့်အတွက် ယင်း လူမှုကွန်ရက်ပန်းခင်းအတွင်းမှ ပန်းတစ်ပွင့် ဖြစ်ပါသည်။
.
ထို ရောင်စုံပန်းခင်းကြီးအတွင်း အကျိုးမဖြစ်ထွန်းသော၊ အဆိပ်အတောက် ဖြစ်စေသော ပန်းများလည်း ရှိ နေနိုင်ပါသည်။ ပန်းချစ်သူတို့အဖို့ ယင်း အဆိပ်အတောက်ဖြစ်စေနိုင်သည့် အဆိပ်ပန်းများကို မနမ်းရှိုက်မိစေရန် အရေးကြီးလှပါသည်။ တစ်နိုင်ငံလုံးက စိတ်ဝင်စားသည့် ပြည်လုံးကျွတ် အထွေထွေရွေးကောက်ပွဲကြီး နီးကပ်လာ သည်နှင့်အမျှ လူမှုကွန်ရက်ပန်းခင်းကြီးအတွင်း ရောယောင်ပါလာနိုင်သော အဆိပ်အတောက် ပန်းပွင့်များကို ရှောင် ရှားနိုင်ပါစေကြောင်း မီးမောင်းထိုး တင်ပြလိုက်ရပါသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About