ရှမ်းပြည်နယ်ရဲ့ တရားဥပဒေ စိုးမိုးရေးနဲ့ တာချီလိတ်က လောင်းကစားများ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Tuesday, February 18, 2020

ရှမ်းပြည်နယ်ရဲ့ တရားဥပဒေ စိုးမိုးရေးနဲ့ တာချီလိတ်က လောင်းကစားများ


ကမ္ဘောဇတိုင်း
.
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၆ ရက်က တောင်ကြီးမြို့တွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်မှ ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံရာတွင် သမ္မတက တာချီလိတ်မြို့ရှိ လောင်းကစားလုပ်ငန်းများ အား သိရှိထားကြောင်း ပြောဆိုခဲ့ပြီးနောက် တာချီလိတ်တွင် လောင်းကစားရုံများကို ဖမ်းဆီးခြင်း၊ ပိတ်သိမ်းခြင်းများ ပြုလုပ်ခဲ့သည်။
.

.
ဖေဖော်ဝါရီလ ၆ ရက်မှ စတင်၍ တာချီလိတ်ရှိ ငါးမန်းဂိမ်းခုံများကို ဖမ်းဆီးပြီး ဟိုတယ်များတွင် လောင်း ကစားလုပ်ငန်းများ ဖွင့်လှစ်ထားရှိမှု ရှိ/မရှိ ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ပါသည်။ ထို့အပြင် တာချီလိတ်မြို့တွင် တရားဥပဒေစိုးမိုးရေး၊ မှုခင်းကျဆင်းရေးတို့အတွက် လောင်းကစားလုပ်ငန်းများ ပပျောက်စေရေးအတွက် ကျားမင်း စီမံချက်ဖြင့် ရက် ၉၀ ဆောင်ရွက်နေကြောင်းလည်း သိရပါသည်။
.
သို့သော် အခြားတစ်ဖက်တွင် ယင်းကဲ့သို့ လောင်းကစားလုပ်ငန်းများ ဖမ်းဆီး/ပိတ်သိမ်းမှုနှင့် ပတ်သက်၍ ဝေဖန်မှုများလည်း ထွက်ပေါ်နေသကဲ့သို့ လောင်းကစားမြို့တော် ဖြစ်နေသည့် တာချီလိတ်မြို့တွင် ယင်းကဲ့သို့ လုပ်ဆောင်မှုအား ထောက်ခံကြသည့် ဒေသခံများလည်း ရှိနေကြသည်။
.
ဟိုတယ်များရှိ လောင်းကစားရုံလုပ်ငန်းများ ပိတ်သိမ်းလိုက်ခြင်းကြောင့် လောင်းကစားရုံများရှိ အလုပ်သမား ၇၀၀၀ ကျော် အလုပ်လက်မဲ့ ဖြစ်ခဲ့ရသည့်အတွက် ၎င်းတို့၏ အလုပ်အကိုင် အခွင့်အလမ်းအတွက် စဉ်းစား ပေးသင့်ကြောင်း ပြောဆိုမှုများ ရှိနေသကဲ့သို့ လောင်းကစားရုံများ ပိတ်သိမ်းလိုက်သည့်အတွက် ယင်း လောင်း ကစားရုံများတွင် တွယ်ကပ်နေသော မူးယစ်ဆေးစွဲသူများ၊ ဒုစရိုက်သမားများ လူနေ ရပ်ကွက်အတွင်းသို့ ရောက်ရှိလာပြီး လူထုကို ရန်မူမည်ကို စိုးရိမ်နေရကြောင်း ပြောဆိုမှုများလည်း ရှိနေသည်။ လောင်းကစားလုပ်ငန်းနှင့် ဆက်စပ်ပတ်သက်မှု ရှိနေသူများ၊ တစ်စုံတစ်ရာ အကျိုးအမြတ် ရရှိနေသူများအချို့ကမူ လောင်းကစားလုပ်ငန်းမရှိရုံမျှဖြင့် တာချီလိတ်မြို့ကြီး ပျက်လုမတတ် ပေါ်ပေါ်ထင်ထင်တစ်မျိုး၊ သွယ်ဝိုက်၍တစ်ဖုံ ပြောဆိုနေကြသည်ကိုလည်း တွေ့ရသည်။
.
ယင်းလောင်းကစားရုံများနှင့် ပတ်သက်၍ တာချီလိတ်ဒေသခံတစ်ဦးက “ဂိမ်းခုံတွေက ကျွန်တော်တို့မြို့က လူ ငယ်တွေကို ဖျက်ဆီးမယ့် အရာတစ်ခုလို့ မြင်ပါတယ်။ ဂိမ်းခုံကနေ အပေါင်းအသင်းတွေမှားမယ်။ အရက်သေစာ သောက်စားမယ်။ မူးယစ်ဆေးဝါးတွေ သုံးစွဲတတ်လာမယ်။ အဲဒီကနေ မိဘတွေ၊ မိသားစုတွေပါ ထိခိုက်လာနိုင်တယ်။ အိမ်ထောင်သည်တွေဆိုရင် အိမ်ထောင်ကွဲတာတွေပါ ဖြစ်လာတာ တွေ့ရတယ်” ဟု ပြောဆိုထားသည်။
.
ယင်း တရားမဝင် လောင်းကစားရုံများမှ တစ်ဆင့် ခိုက်ရန်ဖြစ်ပွားမှု အပါအဝင် မှုခင်းဖြစ်ပွားမှုများ မကြာခဏ ဖြစ်ပွားနေသဖြင့် ဒေသခံများမှလည်း လောင်းကစားရုံများ ဖွင့်လှစ်ခြင်းကို လိုလားမှု မရှိကြောင်း သိရသည်။
.
ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ မတ်လအတွင်းက နိုင်ငံတော်ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တာချီ လိတ်မြို့သို့ လာရောက်စဉ် တာချီလိတ်မြို့ရှိ ဟိုတယ်လုပ်ငန်းရှင် တစ်ဦးက လောင်းကစားလုပ်ငန်းများကို တရားဝင်ခွင့်ပြုပေးရန် တင်ပြတောင်းဆိုခဲ့ဖူးသည်။  ၂၀၁၈ ခုနှစ်က လွှတ်တော်တွင် တင်သွင်းအတည်ပြုခဲ့သည့် လောင်းကစားဥပဒေမှာလည်း နည်းဥပဒေ  မပြဌာန်းနိုင် သေးသဖြင့် လက်တွေ့ကျင့်သုံးနိုင်ခြင်း မရှိသေးချေ။ သို့ဖြစ်ရာ ဒုသမ္မတ တစ်ဦး လာရောက်ချိန်တွင်ပင် ဥပဒေအရ ခွင့်ပြုပေးထားခြင်း မရှိသည့် လုပ်ငန်းတစ်ခုကို တရားဝင်လုပ်ကိုင်ခွင့်ပြုရန် တောင်းဆို ခြင်းမှာ ဥပဒေကို မထီမဲ့မြင် ပြုလုပ်ရာ ဖြစ်စေခဲ့ပါသည်။
.
သို့ရာတွင် ဥပေဒအရ ခွင့်ပြုထားခြင်း မရှိဟု ဆိုသော လောင်းကစားလုပ်ငန်းများမှာ အမှန်တကယ် မြေပြင် တွင် မရှိမဟုတ် ရှိနေဆဲဖြစ်ပါသည်။ ခေတ်အဆက်ဆက် ကောက်ရိုးမီးစီမံချက်အမျိုးမျိုးဖြင့် လောင်းကစားပပျောက် ရေးကို ဆောင်ရွက်ခဲ့သော်လည်း ဖမ်းတုန်းခဏသာ ခေတ္တ ပျောက်ကွယ်သွားပြီး နောက်မကြာမီ ပြန်လည်ပေါ်ပေါက် လာဆဲဖြစ်သည်။
.
ယခုလက်ရှိ ဆောင်ရွက်နေသည့် ရက် ၉၀ ကျားမင်းစီမံချက်နှင့် ပတ်သက်၍လည်း တာချီလိတ်မြို့ရှိ လောင်း ကစားလုပ်ငန်းနှင့် ပတ်သက်ဆက်နွယ်သူများက ရက် ၉၀ ပြည့်လျှင် လုပ်ငန်းများ ပြန်လည်လုပ်ကိုင်ရန် ဆန္ဒရှိ၍ စိုင်းပြင်နေကြသည်ကိုလည်း တိကျသော သတင်းရင်းမြစ်များအရ ကြားသိထားရသည်။
.
ဥပဒေအရ တရားဝင် ခွင့်ပြုပေးထားခြင်း မရှိသော၊ ဒေသခံလူထုကလည်း လက်မခံနိုင်သော လောင်းကစား လုပ်ငန်းများ အဘယ်ကြောင့် သက်ဆိုးရှည်နေရပါသနည်း။ တာဝန်ရှိအဖွဲ့ အစည်းများ၏ တာဝန်ဝတ္တရား ပျက်ကွက်မှုများ၊ အကျင့်ပျက်ခြစားမှုများနှင့်လည်း ဆက်နွယ်နေသည်လား ဆိုသည်ကို မေးခွန်းထုတ်ရပေမည်။
.
နိုင်ငံတော်အစိုးရအနေဖြင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ စစ်မှန်သည့် ဒီမို ကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို တစ်စိုက်မတ်မတ် ဆောင်ရွက်နေချိန်တွင် တာချီလိတ်မြို့ရှိ လောင်းကစားလုပ်ငန်းများက ရှမ်းပြည်နယ်၏ တရားဥပဒေစိုးမိုးရေးကို မထေမဲ့မြင် ပြုနေသယောင် ဖြစ်နေပါသည်။
.
ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် ဦးဆောင်သော ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန လက်အောက်ရှိ သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့် ဒေသခံစစ်စစ် ပြည်သူများ လူမှုဘဝ တည်ငြိမ်အေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ ရှမ်းပြည်နယ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ပြတ်ပြတ်သားသား ဆောင်ရွက်သင့်နေပြီဖြစ်ပါကြောင်းနှင့် သမ္မတကြီး၏ လမ်းညွှန်ချက်နှင့် အညီ ထိထိ ရောက် ရောက် ဆောင်ရွက်သင့်ပါကြောင်း အကြံပြု တင်ပြလိုက်ရပါသည်။  
.

No comments:

Post a Comment

Journal Download

Photo of three cats