မပြီးသေးသောပန်းချီကား (သို့မဟုတ်) ပင်လုံ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Thursday, February 13, 2020

မပြီးသေးသောပန်းချီကား (သို့မဟုတ်) ပင်လုံ


ကမ္ဘောဇတိုင်း
.
၁၉၄၇ ခုနှစ်၊ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုကာလသည် မြန်မာ့သမိုင်းတစ်လျှောက် နိုင်ငံရေးရေချိန် အမြင့် ဆုံးကာလဖြစ်သလို မျက်မှောက်ခေတ် နိုင်ငံတော်၏ ဖြစ်တည်မှု ကောင်းမွေ/ဆိုးမွေများကို သန္ဓေတည်ပေးခဲ့သည့် နှစ်တစ်နှစ်လည်း ဖြစ်သည်။
.
မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိရေးအတွက် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ဘိလပ် (အင်္ဂလန်) တွင် သွားရောက်အရေးဆိုခဲ့ရာ၌ လွတ်လပ်ရေးအတွက် အာမခံချက် တစ်ခုဖြစ်သော အောင်ဆန်း-အက်တလီစာချုပ်ကို ၁၉၄၇ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်တွင် ချုပ်ဆိုနိုင်ခဲ့သည်။
.
ယင်းစာချုပ်တွင် တောင်တန်းဒေသနှင့် ပြည်မ အတူတကွလွတ်လပ်ရေး ရယူလိုခြင်းရှိ/မရှိ အထူးညီလာခံ တစ်ရပ် ခေါ်ယူ၍ ဆန္ဒသဘောထားရယူရန် အချက်တစ်ချက်လည်း အပါအဝင်ဖြစ်ခဲ့သည်။
.
ယင်းအချက်အရ ဗိုလ်ချုပ် အောင်ဆန်းနှင့် မြန်မာအစိုးရ ကိုယ်စားလှယ်များ၊ တောင်တန်းဒေသ ကိုယ်စားလှယ်များ သည် ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်တွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လုံမြို့၌ ပင်လုံညီလာခံ အစည်းအဝေးကို ကျင်းပပြီး တောင်တန်း-ပြည်မ ပူးပေါင်းရေးသဘောတူစာချုပ် (ခေါ်) ပင်လုံစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ပင်လုံစာချုပ် ချုပ်ဆိုနိုင်ခဲ့သော ဖေဖော်ဝါရီလ ၁၂ ရက်ကို ပြည်ထောင်စုနေ့အဖြစ် သတ်မှတ်ကျင်းပခဲ့သည်မှာ ယနေ့ဆိုလျှင် ၇၃ နှစ် ပြည့် မြောက်ခဲ့ပြီဖြစ်သည်။
.
ယနေ့အချိန်တွင် ၇၃ နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်သော်လည်း ထိုစဉ်က ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသား ခေါင်းဆောင်ကြီးများ၏ ပုံဖော်တည်ဆောက်ခဲ့ကြသည့် ပြည်ထောင်စုနိုင်ငံတော်အိပ်မက်ကြီးမှာ ပြည့်ပြည့်ဝဝ အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးသည်မှာ အားလုံးအသိပင်ဖြစ်သည်။ တိုင်းရင်းသားများအဖို့ လွတ်လပ်ရေးနှင့် ဒီမိုကရေစီ အခွင့်အရေးများကို အပြည့် အဝ ရရှိခြင်းမရှိသေးသဖြင့် လက်နက်စွဲကိုင်တော်လှန်ရေးလမ်းစဉ်ကို ကျင့်သုံးခဲ့ကြပြီး ယနေ့တိုင် ငြှိမ်းသတ်မရနိုင်သည့် ပြည်တွင်းစစ်မီးက တောက်လောင်နေဆဲဖြစ်သည်။
.
၂၀၁၅ ခုနှစ် ပြည်လုံးကျွတ်အထွေထွေရွေးကောက်ပွဲအပြီး ပြည်သူလူထုထောက်ခံဆန္ဒမဲဖြင့် တက်လာသော လက်ရှိ NLD အစိုးရလက်ထက်တွင် ယင်းဒဏ်ရာဒဏ်ချက်များကို ပြန်လည်ကုစားပြီး စစ်မှန်သည့် ဖက်ဒရယ်ပြည် ထောင်စုနိုင်ငံတော် တည်ဆောက်ရေးအတွက် ၂၁ ရာစုပင်လုံ ခေါ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ပြန်လည် ကျင်းပခဲ့ရာ ၃ ကြိမ်သာ ကျင်းပနိုင်ခဲ့ပြီးဖြစ်သလို စတုတ္ထအကြိမ် အစည်းအဝေးကိုလည်း ၂၀၂၀ ပြည့်နှစ်အတွင်း ကျင်းပသွားဖွယ် ရှိနေသည်။ သို့ရာတွင် နှောင့်နှေးကြန့်ကြာမှုများလည်း ရှိနေသည်မှာ အမှန်ပင်ဖြစ်သည်။
.
ပင်လုံစာချုပ် ချုပ်ဆိုနိုင်ရေးအတွက် မြန်မာအစိုးရဘက်မှ ဦးဆောင်ပါဝင်ခဲ့သူ မြန်မာ့လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ် အောင်ဆန်း၏ သမီးဖြစ်သူ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် လက်ရှိအစိုးရမှ နိုင်ငံ့ တာဝန်ကို ရယူပြီးချိန်တွင် ဗိုလ်ချုပ်၏ မပြီးသေးသော ပန်းချီကား (သို့မဟုတ်) စစ်မှန်သော ဖက်ဒရယ် ပြည် ထောင်စုကြီး ကမ္ဘာ့အလယ် တွင် ခန့်ထည်စွာ ဖြစ်ထွန်းပေါ်ပေါက်လာစေရေးအတွက် အောင်မြင်အောင် ဆောင်ရွက် နိုင်ပါစေကြောင်း၊ မပြီးသေးသော ပင်လုံပန်းချီကားကို အပြီးသတ် ချယ်မှုန်းနိုင်ပါစေကြောင်း ၇၃ နှစ်မြောက် ပြည် ထောင်စုနေ့အခါသမယတွင် ဆုမွန်ကောင်း တောင်းအပ်ပါသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About