သမိုင်းလှတဲ့ ဖေဖော်ဝါရီ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Wednesday, February 5, 2020

သမိုင်းလှတဲ့ ဖေဖော်ဝါရီ


ကမ္ဘောဇတိုင်း
.
ဖေဖော်ဝါရီလသည် မြန်မာပြည်အတွက်၊ ရှမ်းပြည်နယ်အတွက် ကောင်းကျိုးမင်္ဂလာများစွာ ဆောင်ကြဉ်းပေး နိုင်ခဲ့သည့် လ တစ်လ ဖြစ်သည်။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို ၁၉၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်တွင် မွေးဖွားခဲ့သလို ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးကို ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက် ပြည်ထောင် စုနေ့တွင် မွေးဖွားခဲ့ခြင်း ဖြစ်သည်ဟု ဆိုနိုင်ပါသည်။
.
တစ်ဖန် ပြည်ထောင်စုကြီး ဖြစ်ပေါ်လာစေရေးအတွက် အာမခံ စာချုပ်ဖြစ်သော ပင်လုံစာချုပ် ချုပ်ဆိုနိုင်ရေး အ တွက် ရှမ်းပြည်လူထုနှင့် စော်ဘွားတို့ ပူးပေါင်းနိုင်ခဲ့သည့် ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်သည်လည်း ရှမ်းပြည် နယ်အတွက် လူထု၏ အောင်ပွဲဖြစ်ပြီး ယင်းနေ့ကို ရှမ်းပြည်နယ်နေ့ (ဝါ) ရှမ်းအမျိုးသားနေ့အဖြစ် သတ်မှတ်ကာ နှစ်စဉ် အထိမ်းအမှတ် အခမ်းအနားများ ကျင်းပကြပါသည်။
.
ရှမ်းပြည်နယ်သည် ရှေးသမိုင်းအစဉ်အဆက်တွင် နယ်ပိုင်စော်ဘွားများက သီးခြားစီ အုပ်ချုပ်ခဲ့သည့် နယ်မြေ ဖြစ်ပြီး အင်္ဂလိပ်အစိုးရလက်ထက် ၁၉၂၂ ခုနှစ်တွင် ရှမ်းပြည်ပဒေသရာဇ်ကောင်စီကို ဖွဲ့စည်းအုပ်ချုပ်ခဲ့သည်။ ဒုတိယ ကမ္ဘာစစ်အပြီး မြန်မာနိုင်ငံတစ်ဝှမ်း လွတ်လပ်ရေး ရယူရေး လှိုင်းတံပိုး ပြင်းထန်လာချိန်တွင် ရှမ်းပြည်နယ် အနေဖြင့် မြန်မာပြည်မနှင့် ပူးတွဲ၍ လွတ်လပ်ရေး ရယူရေး၊ မယူရေး ကိစ္စနှင့် ပတ်သက်၍  ၁၉၄၇ ခုနှစ်၊ ဖေဖော် ဝါရီလအတွင်းက ပင်လုံတွင် စော်ဘွားများ အစည်းအဝေးခေါ်ယူပြီး စည်းဝေးတိုင်ပင်ခဲ့ကြသည်။
.
ထိုစဉ်က ရှမ်းပြည်လူထုနှင့် အမြော်အမြင်ကြီးမားသော စော်ဘွားများ၏ ကြိုးပမ်းအားထုတ်မှုကြောင့် ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်တွင် ရှမ်းပြည်ပဒေသရာဇ်ကောင်စီကို ဖျက်သိမ်းပြီး လူထုကိုယ်စားလှယ်များ ပါဝင် သော ရှမ်းပြည်နယ်ကောင်စီကို ဖွဲ့စည်းနိုင်ခဲ့သည်။ ထို့နောက် ပင်လုံစာချုပ် မချုပ်ဆိုမီ တစ်ရက်အလို ဖေဖော်ဝါရီ လ ၁၁ ရက်တွင် ကျင်းပသော ပင်လုံညီလာခံ အစည်းအဝေး၌ ယင်းဖေဖော်ဝါရီလ ၇ ရက်ကို ရှမ်းအမျိုးသားနေ့ အဖြစ် သတ်မှတ်ကြောင်း စော်ဘွားများအစည်းအရုံး ဥက္ကဋ္ဌ တောင်ပိုင်စော်ဘွားကြီး ခွန်ပန်းစိန်က လက်မှတ်ရေး ထိုး ထုတ်ပြန်ခဲ့ပါသည်။ ယင်းထုတ်ပြန်ချက်တွင် မျက်မှောက်ခေတ် မြင်တွေ့နေရသော ရှမ်းအမျိုးသားအလံနှင့် ရှမ်းအမျိုးသား သီချင်းတို့ကိုလည်း အတည်ပြု သတ်မှတ်ကြောင်း ဖော်ပြ ပါရှိခဲ့ပါသည်။
.
ယနေ့ကာလတွင် ပြည်ထောင်စုစာချုပ် (ခေါ်) ပင်လုံစာချုပ် ချုပ်ဆိုနိုင်ခဲ့သည်မှာ ဆယ်စုနှစ် ၇ ခု လွန်မြောက် ကာ ၇၃ နှစ်တိုင်တိုင် ပြည်မြောက်တော့မည်ဖြစ်ပါသည်။ သို့ရာတွင် ပင်လုံကတိကဝတ်များကို ခေတ်အဆက်ဆက် အစိုးရအဆက်ဆက်မှ ဖြည့်ဆည်းပေးနိုင်ခြင်း မရှိသေးကြောင်း တိုင်းရင်းသားများက ဆိုကြသည်။
.
၂၀၀၈ ခုနှစ်၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂ တွင် နိုင်ငံတော်ကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော်ဟု ခေါ်တွင်ရမည်ဟု ပြဌာန်းထားသလို ပုဒ်မ ၈ တွင်လည်း နိုင်ငံတော်ကို ပြည်ထောင်စုစနစ်ဖြင့် ဖွဲ့စည်းတည် ဆောက်သည် ဟု ပြဌာန်းဖော်ပြထားသည်။
.
ထို့အပြင် ပုဒ်မ ၉ (က)တွင် တိုင်းဒေသကြီး ၇ ခုနှင့် ပြည်နယ် ၇ ခုတို့သည် အဆင့်အတန်း တူညီကြောင်း ပြဌာန်း ဖော်ပြထားသည်။ ရှေ့ပိုင်းတွင် ပြည်ထောင်စု စကားလုံးကို တွင်တွင်ကျယ်ကျယ် သုံးစွဲထားသော်လည်း နောက်ဆက်တွဲ ဇယား (၁) ပြည်ထောင်စု ဥပဒေပြုစာရင်းနှင့် ဇယား (၂) တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်ဥပဒေ ပြုစုရင်း၊ ဇယား (၅) တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်များက ကောက်ခံရမည့် အခွန်အခများကို ချိန်ထိုးကြည့်လျှင် ပြည်ထောင်စု မဆန်ဘဲ ဗဟိုချုပ်ကိုင်မှု များပြားနေသော ဖွဲ့စည်းပုံတစ်ခု ဖြစ်နေသည်ကို သုံးသပ်နိုင်မည်ဖြစ်သည်။
.
ယနေ့ ၂၀၂၀ ပြည့်နှစ်သည် ရှမ်းပြည်နယ်နှင့် ပြည်ထောင်စုမြန်မာနိုင်ငံတို့ကို သန္ဓေတည်စေခဲ့သည့် ရှမ်းပြည် နယ်နေ့ (ဝါ) ရှမ်းအမျိုးသားနေ့တို့၏ ၇၃ နှစ်မြောက် နှစ်ပတ်လည်အခါသမယလည်းဖြစ်သည်။ လွှတ်တော်လမ်း ကြောင်းမှ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ဆောင်ရွက်နေသလို အမျိုးသားပြန်လည် ရင်ကြားစေ့ရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးအတွက် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်များကလည်း ကြိုးပမ်းနေကြသည်။
.
၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလသည် သမိုင်းကြောင်းကောင်းများနှင့် ပြည့်နှက်ခဲ့သလို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ လတွင်လည်း သမိုင်းကြောင်းလှလှ ရေးနိုင်ပါစေကြောင်းနှင့် တိုင်းရင်းသားတို့၏ လိုအင်ဆန္ဒများကို ဖြည့်ဆည်းပေး နိုင်ပြီး ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး ကမ္ဘာ့အလယ်တွင် ဝင့်ကြွား ထည်ဝါနိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်း ဆန္ဒပြုလိုက်ရပါသည်။  
.

No comments:

Post a Comment

Journal Download

Photo of three cats