စဝ်စံထွန်းဆေးရုံရှိ ကိုရီးယားနိုင်ငံသားမှာ ကိုရိုနာဗိုင်းရပ်စ်နှင့် ဆက်နွယ်မှု မရှိကြောင်း ကြီးကြပ်မှုကော်မတီ အတည်ပြု - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Sunday, February 2, 2020

စဝ်စံထွန်းဆေးရုံရှိ ကိုရီးယားနိုင်ငံသားမှာ ကိုရိုနာဗိုင်းရပ်စ်နှင့် ဆက်နွယ်မှု မရှိကြောင်း ကြီးကြပ်မှုကော်မတီ အတည်ပြု


စိုင်းရာဇာ
.
တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံ၌ ရောက်ရှိ၍ ကုသမှု ခံယူနေသော ကိုရီးယားနိုင်ငံသားသည် စစ်ဆေးမှု ရလဒ်များအရ ကိုရိုနာဗိုင်းရပ်စ်နှင့် ဆက်နွယ်မှု မရှိကြောင်း ရှမ်းပြည်နယ် ကိုရိုနာဗိုင်းရပ်စ် စောင့်ကြပ်စစ်ဆေး ကုသရေး ကြီးကြပ်မှု ကော်မတီထံမှ ယနေ့ (ဖေဖော်ဝါရီလ ၂ ရက်) ညနေပိုင်းက အတည်ပြုခဲ့ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
.
  စစ်ပြီးပြီ။ ဓါတ်မှန်လည်း ရိုက်ပြီးပြီ။ သွေးက ရောဂါပိုး ရှိ/မရှိ စစ်တာပေါ့။ စစ်လိုက်တဲ့အခါမှာ သံသယလူနာ မဟုတ်ဘူး။ ကိုရိုနာဗိုင်းရပ်စ်နဲ့ ဆက်နွယ်မှု မရှိဘူး။ ရိုးရိုး နှာစေး၊ ချောင်းဆိုးပါပဲ။ ဒါပေမဲ့ လူနာကိုတော့ စိတ်ချရအောင် ဆေးရုံမှာပဲ ဆက်ထားဦးမယ်။ဟု ရှမ်းပြည်နယ် ကိုရိုနာဗိုင်းရပ်စ် စောင့်ကြပ်စစ်ဆေး ကုသရေး ကြီးကြပ်မှု ကော်မတီ ဥက္ကဌ ဖြစ်သူ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.

အဆိုပါ ကိုရီးယားနိုင်ငံသားအား ညောင်ရွှေဆေးရုံက လွှဲပြောင်းပေးလာခြင်း ဖြစ်ပြီး ၎င်းသည် မြဝတီ၊ ရန်ကုန်၊ ပုဂံ၊ မန္တလေးမှတဆင့် ညောင်ရွှေမြို့သို့ လာရောက် လည်ပတ်ရာမှ သံသယရှိသူ အဖြစ် သတ်မှတ်၍ စောင့်ကြည့်နေခြင်း ဖြစ်ကြောင်း သိရသည်။
.
ယခု (ဖေဖော်ဝါရီလ ၂ ရက်၊ ညနေပိုင်းအထိ) ကမ္ဘာ့နိုင်ငံ ၂၇ နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် (2019-nCoV) ကူးစက်ခံရသူ ၁၄၆၂၆ ဦးနှင့် သေဆုံးသူ ၃၀၅ ဦး ရှိနေပြီ ဖြစ်ကာ အဆိုပါ ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကူူးစက်ပြန့်ပွားမှုနှင့် ပတ်သက်၍ ရှမ်းပြည်နယ်အတွင်း၌ အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်၍ လုပ်ဆောင်နေလျက်ရှိပြီး စောင့်ကြပ်စစ်ဆေးကုသရေး ကြီးကြပ်မှု ကော်မတီကို ရှမ်းပြည်နယ်အစိုးရမှ ဆရာဝန် ဝန်ကြီးများ အပါအဝင် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်ကျန်းမာရေးမှူးများ၊ ဆေးရုံအုပ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများဖြင့် ဇန်နဝါရီလ ၃၁ ရက်က ဖွဲ့စည်းထားသည်။

No comments:

Post a Comment

Journal Download

Photo of three cats

About