ရှမ်းပြည်တွင် ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်၍ ဓါတ်ခွဲအဖြေ စောင့်နေသူ ၆ ဦး ရှိကြောင်း ကြီးကြပ်မှု ကော်မတီ ထုတ်ပြန် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Tuesday, February 11, 2020

ရှမ်းပြည်တွင် ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်၍ ဓါတ်ခွဲအဖြေ စောင့်နေသူ ၆ ဦး ရှိကြောင်း ကြီးကြပ်မှု ကော်မတီ ထုတ်ပြန်

စိုင်းရာဇာ
.
ရှမ်းပြည်နယ်တွင် ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်၍ ဓါတ်ခွဲစစ်ဆေးချက် အဖြေစောင့်နေသူ ၆ ဦး ရှိပြီး ဗိုင်းရပ်စ်နှင့် ဆက်စပ်မှု မရှိသော လူနာ ၄ ဦး ရှိကြောင်း ကိုရိုနာဗိုင်းရပ်စ်(Coronavirius)  အဆုတ်ရောင် ရောဂါ ရှမ်းပြည်နယ်အတွင်း၌ ဖြစ်ပွားမှု မရှိစေရေးအတွက် စောင့်ကြပ် စစ်ဆေးကုသရေး ကြီးကြပ်မှု ကော်မတီထံမှ သိရသည်။
.
“လောလောဆယ်  ဓါတ်ခွဲအဖြေစောင့်နေတဲ့သူ နမ္မတူက တစ်ယောက်ရဲ့ ဓါတ်ခွဲနမူနာ အဖြေကတော့ မရသေးဘူး။ လူနာရဲ့အခြေနေကတော့ ကောင်းနေတယ်၊ ဆေးရုံ ဆင်းလို့ရတဲ့ အနေထားပေမယ့် အဖြေကို စောင့်နေတယ်။ စဝ်စံထွန်းမှာ တက်နေတဲ့သူကတော့ အဖျားနည်းနည်း ကျန်သေးတယ်။ မောက်မယ်က ၄ ယောက်ကလည်း တော်တော် ကောင်းနေပြီ။ အဖျားနည်းနည်း ကျန်တယ်။” ဟု ကိုရိုနာဗိုင်းရပ်စ် (Coronavirius) အဆုတ်ရောင် ရောဂါ ရှမ်းပြည်နယ်အတွင်း၌ ဖြစ်ပွားမှု မရှိစေရေးအတွက် စောင့်ကြပ် စစ်ဆေးကုသရေး ကြီးကြပ်မှုကော်မတီ ဥက္ကဌ ဖြစ်သူ လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.


ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်၍ တောင်ကြီးတွင် ၁ ဦး၊ နမ္မတူတွင် ၁ ဦး၊ မောက်မယ်တွင် ၄ ဦး စုစုပေါင်း ဓါတ်ခွဲစစ်ဆေးချက် အဖြေစောင့်နေသူ ၆ ဦးနှင့် နမ့်ခမ်း၊ ပင်လောင်း၊ ကွတ်ခိုင်နှင့် မိုင်းခတ်မြို့များတွင် ၁ ဦးစီဖြင့် ဗိုင်းရပ်စ်နှင့် ဆက်စပ်မှု မရှိသော လူနာ စုစုပေါင်း ၄ ဦး ရှိကြောင်း စောင့်ကြပ် စစ်ဆေးကုသရေး ကြီးကြပ်မှုကော်မတီထံမှ သိရသည်။
.
“ နမ့်ခမ်း၊ ပင်လောင်း၊ ကွတ်ခိုင်၊ မိုင်းခတ်က လူနာ ၄ ဦးကတော့ သံသယဆိုပြီး ပို့လိုက်တယ်။ တကယ်တော့ ကိုရိုနာဗိုင်းရပ် ဆက်စပ်မှု မရှိတဲ့အတွက် တခြားရောဂါအနေနဲ့ ထားပြီး ကုသပေးနေတယ်” ဟု ဒေါက်တာ မျိုးထွန်းက အတည်ပြုသည်။
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းခတ်မှ လူနာ၏ ဓါတ်ခွဲ နမူနာများကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရည်ညွှန်း ဓါတ်ခွဲခန်းသို့ ပေးပို့ စစ်ဆေးသွားမည် ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ဖေဖော်ဝါရီလ ၁၀ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
မြန်မာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဖေဖော်ဝါရီလ ၁၀ ရက်၊ ည ၈ နာရီထိ ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်သည့် သံသယလူနာ ၁ ဦး အပါအဝင် လူနာ ၂၀ ဦး တို့အား သက်ဆိုင်ရာ ဆေးရုံများတွင် စောင့်ကြပ် ကြည့်ရှု ကုသမှုပေးလျက်ရှိပြီး ၎င်းတို့၏ ကျန်းမာရေးအခြေအနေမှာ သက်သာကောင်းမွန်လျက်ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
.
တရုတ်နိုင်ငံ၊ ဝူဟန်မြို့၌ စတင် ဖြစ်ပွားခဲ့သော ကိုရိုနာဗိုင်းရပ်စ် (Coronavirus ) အဆုတ်ရောင်ရောဂါ ရှမ်းပြည်နယ်အတွင်း၌ ဖြစ်ပွားမှု မရှိစေရေးအတွက် စောင့်ကြပ် စစ်ဆေးကုသရေး ကြီးကြပ်မှု ကော်မတီကို ဇန်နဝါရီလ ၃၁ ရက်တွင် စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

No comments:

Post a Comment

Journal Download

Photo of three cats

About