ကျိုင်းတုံရှိ မူလတန်းကျောင်းတစ်ကျောင်းတွင် ဖျားနာသူများရှိနေ၍ ကျောင်း ယာယီပိတ်ထား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Wednesday, February 5, 2020

ကျိုင်းတုံရှိ မူလတန်းကျောင်းတစ်ကျောင်းတွင် ဖျားနာသူများရှိနေ၍ ကျောင်း ယာယီပိတ်ထား


ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်၊ ပန်ကြူကျေးရွာအုပ်စု၊ ပန်ကြူကျေးရွာ မူလတန်းကျောင်းတွင် ဖျားနာ သည့် ကျောင်းသူ/ကျောင်းသားများ များနေသဖြင့် ဖေဖော်ဝါရီလ ၃ ရက်မှ စတင်ကာ ကျောင်း ယာယီပိတ်ထားရကြောင်း သိရသည်။
.
.
ပန်ကြူအခြေခံပညာမူလတန်းကျောင်း၌ ကျောင်းသား/သူ ၅၄ ဦး ပညာသင်ယူလျက်ရှိပြီး ဖေဖော်ဝါရီလ ၃ ရက်က ကျောင်းတက်ချိန်တွင် ဖျားနာသူ ၂၀ ဦး ရှိခဲ့သဖြင့် ယင်းညနေတွင်ပင် ကျောင်းပိတ်ထားခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။
.
“ကလေး ၂၀ လောက်က နေမကောင်းဖြစ်ပါတယ်။ Grade 1 တက်နေတဲ့ အားယို ကတော့ သူ့မိဘတွေနဲ့ ဆေးခန်း သွားပြရတာရှိပါတယ်” ဟု ပန်ကြူကျေးရွာ မူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မဉ္ဇူဝတ်ရည်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ ကျိုင်းတုံခရိုင်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းသိန်းက “သတင်းကြားကြားချင်းပဲ ကျေးရွာအုပ်စု တာဝန်ရှိသူတွေရော၊ ကျွန်တော်နဲ့ ကျန်းမာရေးမှူး၊ ပညာရေးမှူးတွေပါ ကျောင်းကိုသွားပြီး ကလေးတွေကို လိုအပ်တဲ့ ဆေးစစ်တာနဲ့ ပညာပေးဟောပြောတာတွေ လုပ်ခဲ့ပါတယ်” ဟု ပြောသည်။
.
ထိုအတူ ကျိုင်းတုံခရိုင် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ နန်းနွမ်းခမ်းကလည်း “လတ်တလော မှာတော့ သာမန် အအေးမိတုပ်ကွေး ရောဂါလို့ ဆိုနိုင်ပါတယ်။ သေသေချာချာ ဆေးစစ်ကုသပေးသွားပါမယ်” ဟု ပြောဆိုခဲ့သည်။
.
ကျိုင်းတုံမြို့တွင် ဖေဖော်ဝါရီလ ၁ ရက်က လေကြောင်းခရီးဖြင့် တရုတ်နိုင်ငံ၊ စီချွမ်မြို့သို့ ပြန်မည့် ခရီးသည် ၅ ဦးအား ကိုရိုနာဗိုင်းရပ်စ် သံသယဖြင့် ကျိုင်းတုံဆေးရုံ အထူးကြပ်မတ်ကုသဆောင်၌ စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats