တောင်ကြီးနှင့် မောက်မယ်ဆေးရုံများရှိ ကိုရိုနာဗိုင်းရပ်စ် သံသယလူနာ ၅ ဦးအား သံသယလူနာစာရင်းမှ ပယ်ဖျက် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Saturday, February 15, 2020

တောင်ကြီးနှင့် မောက်မယ်ဆေးရုံများရှိ ကိုရိုနာဗိုင်းရပ်စ် သံသယလူနာ ၅ ဦးအား သံသယလူနာစာရင်းမှ ပယ်ဖျက်


စိုင်းရာဇာ
.
တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံ၌ ဆေးကုသမှု ခံယူနေသော ကိုရိုနာဗိုင်းရပ်စ် သံသယလူနာ တစ်ဦးနှင့် မောက်မယ် မြို့ ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူနေသော ကိုရိုနာဗိုင်းရပ်စ် သံသယလူနာ မိသားစုဝင် ၄ ဦးတို့အား သံသယလူနာ စာရင်းမှ ပယ်ဖျက်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့ ဖေဖော်ဝါရီလ ၁၅ ရက်၊ နံနက်ပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့သည်။
.
.
ရှမ်းပြည်နယ်အတွင်းရှိ အဆိုပါ သံသယလူနာ ၅ ဦးအပြင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သံသယလူနာ ၁၃ ဦးတို့၏ ဓါတ်ခွဲအဖြေများတွင် 2019 Novel Coronavirus ရောဂါပိုး မရှိကြောင်း ဖေဖော်ဝါရီလ ၁၄ ရက်၊ ညနေပိုင်း က ရည်ညွှန်းဓါတ်ခွဲခန်းမှ အကြောင်းပြန်ကြားလာခြင်းဖြစ်သည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြပါရှိသည်။
.
“မောက်မယ်က ၄ ဦးနဲ့ စဝ်စံထွန်းမှာ တက်နေတဲ့ ဘန်းယဉ်က ၁ ဦးက စစ်ဆေးလိုက်တာ အဖြေက Negative ဖြစ်နေပါတယ်။ လောလောဆယ်တော့ ၃ ဦး ကျန်တယ်” ဟု ကိုရိုနာဗိုင်းရပ်စ်(Coronavirus) အဆုတ်ရောင်ရောဂါ ရှမ်းပြည်နယ်အတွင်း၌ ဖြစ်ပွားမှုမရှိစေရေးအတွက် စောင့်ကြပ် စစ်ဆေးကုသရေးကြီးကြပ်မှု ကော်မတီ ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
 .
၎င်းတို့ထံမှရရှိသော ဓာတ်ခွဲနမူနာများအား 2019 Novel Coronavirus ကြောင့် ဖြစ်ပွားသော ပြင်းထန် အဆုတ်ရောင် ရောဂါ ရှိ/မရှိ အတည်ပြု စစ်ဆေးအတည်ပြုနိုင်ရေးအတွက် ရည်ညွှန်းဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးစေခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ရှမ်းပြည်နယ်အတွင်း၌ လက်ရှိတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားသော ပြင်းထန်အဆုတ်ရောင်ရောဂါ သံသယရှိသူ ၃ ဦး ကျန်ရှိနေပြီး ၎င်းတို့မှာ ကျောက်မဲမြို့နှင့် လောက်ကိုင်မြို့များမှ  လားရှိုးမြို့ရှိ ပြည်သူ့ဆေးရုံ၌ စောင့်ကြပ် စစ်ဆေးကုသပေး နေသူ ၂ ဦးနှင့် မိုင်းခတ်ပြည်သူ့ဆေးရုံ၌ စောင့်ကြပ် စစ်ဆေးကုသမှုခံယူနေသူ လူနာ တစ်ဦးတို့ဖြစ်ကြောင်း သိရသည်။
.
ရှမ်းပြည်နယ်အတွင်း၌ ဖြစ်ပွားမှုမရှိစေရေးအတွက် စောင့်ကြပ် စစ်ဆေးကုသရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းနှင့် တာဝန်ရှိသူများသည် ယနေ့ ဖေဖော်ဝါရီလ ၁၅ ရက်၊ နံနက်ပိုင်းက မောက်မယ်ပြည်သူ့ဆေးရုံ၌ ကိုရိုနာဗိုင်းရပ်စ် သံသယဖြင့် တက်ရောက်ဆေးကုသမှု ခံယူနေသော မိသားစုဝင် ၄ ဦးအား သွားရောက်တွေ့ဆုံစစ်ဆေးခဲ့ပြီး အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။
.
ယနေ့ ဖေဖော်ဝါရီလ ၁၅ ရက်၊ နံနက်ပိုင်းအထိ ကမ္ဘာနိုင်ငံ ၂၉ နိုင်ငံတွင် ဝူဟန် (ခေါ်) ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကူးစက်ခံရသူ ၆၆၈၈၇ ဦး၊ သေဆုံးသူ ၁၅၂၃ ဦးနှင့် ပြန်လည် သက်သာလာသူ (Cured) ၇၇၁၆ ဦး ရှိလာပြီဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About