ကိုရိုနာဂယက် ရွာတိုင်ပတ်ခြင်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Wednesday, February 12, 2020

ကိုရိုနာဂယက် ရွာတိုင်ပတ်ခြင်း


ဆဏ်းမောင် (ကွတ်ခိုင်)
.
"အလို ကိုသာပွ။ ခင်ဗျားတောင် ကျန်းမာရေး အသိပညာ ရှိလာပြီ။ ဝူဟန်ဗိုင်းရပ်စ်ကို ကြောက်လို့ မက်စ်တွေဘာတွေ တပ်ပြီး အလုပ်လုပ်နေတာပေါ့"
.
"နင့်အမေ ငါ့ကြီးဒေါ်။ ငါက ဒီဟာ မတပ်လို့ ဒီအလုပ် လုပ် နိုင်မလားကွ။ ထွီး ဆိုးဝါးလိုက်တဲ့ အနံ့"
.
ကျုပ်မေ့သွားတယ်။ သြော် သူက မိလ္လာဝန်ဆောင်မှု လုပ် တာကိုး။ ဒါ မတပ်လို့လည်း သူ့ခမျာ အဆင်ပြေမှာ မဟုတ်ဘူး။ ကျုပ်ကပဲ မြင်မြင်သမျှ စိုးရိမ်ပူပန်နေတဲ့ စိတ်နှင့် မြင်တဲ့အမြင် ကို ပြောမိတာကိုးဗျ။ မိတ်ဆက်ပေးရဦးမယ်။ ကိုသာပွ ဆိုတာ ကျုပ်နှင့် သပြေညောင်ရွာက တစ်ရွာတည်းသားတွေ။ ကျောင်း ပြီးတဲ့ကျုပ်က အခုလို မြို့ကြီးပြကြီးမှာ လုပ်ငန်းခွင် ဝင်ရသပေါ့။ ကိုသာပွလည်း သည်မြို့မှာ၊ သည်အလုပ်လုပ်ပြီး အဆင်ပြေနေ တာပေါ့ဗျာ။
.
"ကျုပ်ရွာကို ပြန်မလို့ ကိုသာပွရေ။ ခင်ဗျား ရွာကိုဘာများ မှာဦးမလဲ"
.
"အေး။ ငါလည်း နောက်လထဲလောက် ပြန်ဖို့ရှိတယ်။ မှာစ ရာ အထွေအထူးတော့ မရှိပါဘူး"
.
ကျုပ်လည်း ကိုရင်သာပွကို နှုတ်ဆက်ပြီး ကားလက်မှတ် အတွက် အဝေးပြေးကားကွင်းဘက် ထွက်လာတယ်။ လမ်းမ တစ်လျှောက် လူအတော်များများက mask ကိုယ်စီ တပ်ဆင်ပြီး သွားလာနေကြသဗျ။ အတိိုချုပ်လိုက်တော့ ကျုပ်ရွာကို ရောက် သွားပြီပေါ့။
.
ရွာအဝင်လမ်းမကြီးအတိုင်း လျှောက်လာတော့ နွားစာစဉ်း နေတဲ့ ကိုသာမြတ်က mask တပ်ထားလို့။ လုပ်ငန်းခွင်က လင် သားကို ထမင်းသွားပို့တဲ့ အိမ်ရှင်မတွေလည်း mask တွေ ကိုယ်စီတပ်။ ဘာတွေများ ဖြစ်ပျက်ကုန်ကြလဲပေါ့။
.
"ဟဲ့ ငတင်မောင် နင်က ဖုန်းကြိုမဆက်ဘဲ ရောက်လာတာ လား" ခရီးဦးဆိုက် အရီးလေးမြက ဝမ်းသာခြင်းတစ်ဝက်၊ ပြစ် တင်ခြင်းတစ်ဝက်နှင့် ဆီးကြိုပါတယ်။
.
"အရီးလေးမြကလည်း တရုတ်နှစ်သစ်ကူးချိန် စက်ရုံပိတ် တယ်လေဗျာ။ ရွာကို သတိရတာနဲ့ ပြန်လာတာပါဗျ"
.
"အေး အေး အေး၊ အေးအေးဆေးဆေးနားပြီး ရေမိုးချိုး အနားယူလိုက်ဦး။ အရီးမြ ရွာမြောက်ဘက်ခြမ်းကို ခဏ သွား လိုက်ဦးမယ် ကြားလား"
.
"ဟုတ်ကဲ့ အရီးမြ" ကျုပ်လည်း ရေမိုးချိုးပြီး လန်းလန်းဆန်း ဆန်း ရှိလာတာကြောင့် ရွာထဲကို တစ်ပတ်ဟိုဟိုသည်သည် လျှောက်ကြည့်တယ်။
.
"ဗျို့ ဘကြီးအောင် ဗျို့ ဘကြီးအောင်ခင်"
.
"ဟို ဗုဒ္ဓေါ လန့်တာကွာ။ မင်းကလည်း အသံပြဲကြီးနဲ့" ကွပ်ပျစ်ပေါ်တွင် ဖုန်းတစ်လုံးကို သည်းကြီးမည်းကြီး စိတ်ဝင်တ စားကြည့်နေတဲ့ ဘကြီးအောင်ခင် ကျုပ်ခေါ်တာကို အတော် ထိတ်သွားပုံရပါတယ်။
.
"ဘာသတင်းတွေများ ကြည့်နေတာလဲ ဘကြီးအောင်ခင် ရေ"
.

.
" မြို့ကြီးမှာနေပြီး မသိဘူးလားကွ မောင်တင်မောင်ရ။ တရုတ်ပြည် ဝူဟန်မြို့က စဖြစ်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့ ပွားမှု သတင်းလေကွာ။ သူတို့ဆီမှာ စားစရာ ဒီလောက်ရှားလို့ လင်းနို့ကို စွပ်ပြုတ်လုပ်စားရင်းက စတင်ဖြစ်တယ်ဆိုတာကို ဖတ်နေတာ။ ဒီရက်တွေ ဒီသတင်းတွေ တက်နေတာ။ ဒါပဲဖတ် နေတာပေါ့ကွ"
.
ဘကြီးအောင်ခင်က ကျုပ်ကို ဗဟုသုတမရှာဖွေတဲ့ကောင် အဖြစ် မျက်မှောင်ကြုတ်ကြည့်ပါသေးတယ်။ ဟမ်းဆက်မျက်နှာ ပြင်မှာ အာရုံကျနေတဲ့ ဘကြီးအောင်ခင်ကို စကားဆက်ပြောမ နေတော့ဘဲ အလိုက်တသိ နှုတ်ဆက်ပြီး သူ့အနားက ထွက်ခဲ့ လိုက်တယ်။
.
သပြေညောင်က ကျုပ်ထင်သလို ခေတ်နောက်ကျ မကျန် ခဲ့ဘူးရယ်။ လူတစ်ကိုယ် ဖုန်းတစ်လုံးနှင့် ခေတ်ရေစီးကြောင်း အတိုင်း အလိုက်သင့်မျောပါနေတော့ ကမ္ဘာနှင့်လည်း သူတို့က မျက်ခြေမပြတ်ကြဘူး။ အလို ဆော့ကစားပြေးလွှားနေတဲ့ က လေးတွေမှာလည်း mask ကိုယ်စီကိုယ်င တပ်ဆင်ထားကြလို့ ပါတကား။ သေးငယ်သော သူတို့မျက်နှာလေးပေါ်မှာ mask တပ်ထားသည်ဆိုတော့ မြင်ယောင်သာ ကြည့်ကြပေရော့။ ဖှုန် တလုံးလုံးနှင့် နွားအုပ်ကြီး ဖြတ်သန်းပြီးတော့ နောက်က လိုက် ပါလာတဲ့ နွားကျောင်းသားလေး ဖိုးလုံးက ကျုပ်ကို ရင်ဖွင့်ပါ တယ်။
.

"ကိုကြီး တင်မောင်ရာ ရောဂါပိုး ကူးမှာစိုးလို့ ဒါကြီးကို ချွတ်ရဲဘူး။ ပျင်းပျင်းရှိ ပုလွေမှုတ်ချင်တာ အခုတော့"
ဖိုးလုံးရဲ့ ငြီးတွားသံစကားလုံးက mask အောက်က ထွက် လာတယ်။ ပြီးတော့ ခါးကြားမှာ ထိုးထားတဲ့ သူ့ပုလွေလေးကို ထုတ်ပြရှာတယ်ဗျ။ ဟုတ်၊ မဟုတ်တော့ မသိ။ ကိုရိုနာဗိုင်းရပ်စ် ကို အယ်လ်ကိုဟောက ကာကွယ်ပေးနိုင်သတဲ့။ သည်သတင်း ရိုက်ခတ်မှု အကျိုးဆက်ကတော့ ချောင်းစပ်က ကိုသောင်းမြတ် အရက်ဆိုင်လေးမှာတော့မိတ်ဟောင်းအပြင် မိတ်သစ်တွေပါ တိုးလာလို့ ခုံနေရာ ထိုင်စရာမရှိ။ အရက်ဆိုင်ထဲက ဒယီးဒယိုင် နှင့် လည်ပင်းဖက် ထွက်လာကြသူများကား ကာကွယ်ဆေး ထိုး လာတဲ့အတိုင်း။ နောက်ထပ် လူမှုကွန်ရက်မှာ တက်လာသေး သဗျ။ ဒါလည်း ဟုတ်၊ မဟုတ်တော့မသိ။
.
ကြက်သွန်နီက ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်နိုင်တယ်ဆို တာလည်း သိရှိလိုက်ရော ကြက်သွန်ခင်းရှင် ကိုလှတင်က လေတချွန်ချွန်နှင့် နေ့ချင်း သူဌေးဖြစ်ကိန်း ဆိုက်တော့မလို ဂိုက်ဖမ်းနေလေရဲ့။ ကျုပ်တို့ သပြေညောင်ရွာမှာ ကုန်စုံဆိုင် ထီးထီးကြီး ဖွင့်ထားတဲ့ ပေါက်ဖော်ကြီး ဦးရန်ရှောက်ရှာကတော့ သူ့ဆိုင်ရှေ့မှာ ဘလက်ဘုတ်ကြီး ထောင်လို့ ရေးထားတယ်။ "ကိုရိုနာ ကြောက်စရာမလို၊ mask ကလေးတပ်ပြီး ယခုပင် ကာကွယ်လိုက်ပါ"တဲ့။ မြေဖြူနှင့် သပ်သပ်ရပ်ရပ် ရေးသား ကြော်ငြာလိုက်ထားတာများ mask ပုံလေးတောင်ဆွဲ ထား လိုက်သေး။ မြတ်သပေါ့ဗျာ။ တစ်ရက်တစ်ရက် ငွေတွက်ရတာ mask ရောင်းရတဲ့ ငွေတွေချည်းပဲ။
.
သည်အခြေအနေမှာ ကိုမြသောင်က အသစ်စက်စက် သူ့ အိမ်လေးကို အိမ်သစ်တက် လုပ်သေးတယ်။ ရွာဦးကျောင်းက ဆရာတော် ပါးကို ပင့်ဖိတ် အိမ်သစ်တက် တရားနာ၊ ဆွမ်း ကျွေးလုပ်မယ်ပေါ့။ အိမ်သစ်တက်ဆိုတော့ ဒကာ၊ ဒကာမတွေ ထူထပ် ရှုပ်ထွေးတယ်လေ။ သည်လိုတွေးလို့ ထင်ပါတယ်။ ဆရာတော် ပါးလုံး mask တပ်ပြီး ကြွချီလာပါတော့တယ်။ တရား ပေးတော့လည်း mask မချွတ်။ အဲ ဆွမ်းဘုန်းပေးမယ့် အချိန်လည်းရောက်ကော ဆွမ်းစား စားပွဲဝိုင်းမှာ ဆရာတော် ပါးလုံး ဆွမ်းကပ်မယ့်အချိန် ကိုမြသောင်ဇနီး မရွှေလှတိုက် တိုက်ဆိုင်ဆိုင် နှာ အကျယ်ကြီး ချေပါလေရော့။ ဆရာတော် ပါးစလုံး mask အထက်ကနေ မျက်လုံးပြူးပြီး တစ်ပါးအခြေအ နေကို တစ်ပါး အကဲခတ်နေကြချိန်-
.
"ဘုန်းဘုန်းတို့ mask ချွတ်ပြီး ဆွမ်းဘုန်းပေးတော်မူ မူ ဟက်ဟက်ဟက်ချိုး" မအောင့်အီးနိုင်တော့တဲ့ မရွှေသီးရဲ့ နောက်ထပ် နှာအချေမှာပဲ
.
"ရပြီ ရပြီ ဒကာမကြီး" ပါးလုံး အသံဆုံလို့ သင်္ကန်းပြင် ရုံပြီး ကိုမြသောင်အိမ်ရာက ပြန်ကြွသွားကြလေရော့
.
ကိုရိုနာဂယက်က အဲသည်လိုကို ရွာကို လှုပ်ခတ်သွားစေ တာ။ သေခြင်းတရားဆိုတာ သည်ရောဂါကိန်းဆိုက်မှပဲ ကြုံ တွေ့ရတော့မလိုလို။ သည့်အပြင် အကြောင်းအရာတွေကရော သေခြင်းတရားနှင့် ဝေးလံကြလို့လားဗျာ။ သေဘေးကိုတော့ လူတိုင်း တွေးကြောက်ကြပါတယ်။ တချို့ ခြိမ်းခြောက်မှုတွေကို စိုးရိမ်စိတ် လွန်ကဲပြီးသွားလည်း သည်စိတ်၊ စားလည်း သည် စိတ်ဆိုရင် မကောင်းတော့ဘူးပေါ့ဗျာ။
.
ကိုယ်စိတ်နှလုံးကိုလည်း မရွှင်ပြုံးတော့တဲ့အပြင် အဲသည့် နောက်မှာ ကိုယ်ကျိုးရှာ စီးပွားရေးသမားတွေအတွက် အကွက် ပါ ဝင်သွားစေတာ။
.
ကျုပ်သေရမှာ မကြောက်ဘူးလားလို့ မေးလာရင် ကြောက် ပါတယ်။ ဆင်ခြင်တုံတရားနှင့် ကင်းဝေးပြီး မိုးပြိုမှာကြောက်လို့ ခြေထောက်မြောက်ကာ မအိပ်တတ်ပါဘူးခင်ဗျ။ အခုတော့ ကို ရိုနာဂယက်က ကျုပ်တို့ရွာထိ တိုင်ပတ်ပြီဗျို့။

No comments:

Post a Comment

Journal Download

Photo of three cats