အောင်ပန်းတွင် ချင်းအမျိုးသားနေ့အခမ်းအနား ကျင်းပ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Thursday, February 20, 2020

အောင်ပန်းတွင် ချင်းအမျိုးသားနေ့အခမ်းအနား ကျင်းပ


မင်းဇော်မင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့၊ မင်္ဂလာရပ်ကွက်၊ မင်္ဂလာခန်းမတွင် ယနေ့ ဖေဖော်ဝါရီလ ၂၀ ရက်၊ နံနက်ပိုင်းက ၁၃ ကြိမ်မြောက် ၇၂ နှစ်ပြည့် ချင်းအမျိုးသားနေ့ကို ကျင်းပခဲ့ကြောင်း သိရသည်။
.
.
“အဓိက ကတော့ စည်းလုံးညီညွတ်ချစ်ကြည်စွာနဲ့ တိုင်းရင်းသားတွေအားလုံး စုပေါင်းပြီး အေးချမ်းသာယာတဲ့ နိုင်ငံတော်ကြီးကို တည်ဆောက်ကြဖို့ ဖြစ်ပါတယ်” ဟု ချင်းတိုင်းရင်းသားများ လူမှုရေးအသင်း နာယက၊ အငြိမ်းစား သမိုင်းပါမောက္ခ ဦးအယ်ဘွေကောက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အခမ်းအနားတွင် ချင်းအမျိုးသားအလံ လွှင့်တင်အလေးပြုပြီးနောက် ဦးအယ်ဘွေကောက အမှာစကား  ပြောကြားကာ ချင်းရိုးရာ အဆိုအကများဖြင့် ဧည့်ခံဖျော်ဖြေခဲ့ပြီး သက်ကြီးမိဘများအား ဂါရဝပြုလက်ဆောင်များ ပေအးပ်ခြင်း၊ ၂၀၁၈-၂၀၁၉ တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား/သူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခြင်းတို့ကို ပြုလုပ်ခဲ့ ကြောင်း သိရသည်။
.
အင်္ဂလိပ်ကိုလိုနီလက်ထက်၊ ၁၉၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်တွင် ချင်းအမျိုးသားများ၏ ပညာရေးမြှင့်တင်မှု ကော်မတီကို ဖွဲ့စည်းနိုင်ခဲ့ခြင်း၊ ၁၉၄၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်တွင် ကန်ပက်လက် ချင်းလူထုမှ အင်္ဂလိပ်အစိုးရကို ဆန္ဒပြခဲ့ခြင်း၊ ၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်တွင် ချင်းတိုင်းရင်းသားဦးရေ ၅၀၀၀ ကျော် တက်ရောက်သည့် ချင်းအမျိုးသားညီလာခံမှ ချင်းရေးရာကော်မတီကို ဖွဲ့စည်းနိုင်ခဲ့ခြင်းတို့ကြောင့်‌ ဖေဖော်ဝါရီလ ၂၀ ရက်ကို ချင်းအမျိုးသားနေ့အဖြစ် သတ်မှတ် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ စာရင်းများအရ ချင်းပြည်နယ်တွင် ချင်းတိုင်းရင်းသား ၅၃ဝဝဝ ကျော်နှင့် ပြည်တွင်း၌ ခန့်မှန်းလူဦးရေ ၂ သန်းကျော်နေထိုင်လျက်ရှိပြီး အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် စသည့် ပြင်ပနိုင်ငံများ၌လည်း နေထိုင်မှုများ ရှိနေကာ စုစုပေါင်း ချင်းတိုင်းရင်းသား လူဦးရေ ၃ သန်းကျော် ရှိနိုင်ကြောင်း သိရသည်။
.
မြန်မာနိုင်ငံတွင် တရားဝင် အတည်ပြုသတ်မှတ်ထားသည့် တိုင်းရင်းသား ၁၃၅ မျိုးအနက် ချင်းမျိုးနွယ်စု ၅၃ မျိုး ပါဝင်ပြီး ဖခင်တစ်ဦးတည်းကသာ ဆင်းသက်လာခြင်းဖြစ်သဖြင့် တစ်မျိုးတည်းသာ ဖြစ်သည်ဟု ဦးအယ်ဘွေကာက ပြောဆိုခဲ့သည်။
.
အောင်ပန်းတွင် ကျင်းပသည့် ၁၃ ကြိမ်မြောက် ၇၂ နှစ်ပြည့် ချင်းအမျိုးသားအခမ်းအနားသို့ ကလော၊ အောင်ပန်း၊ ဟဲဟိုးမြို့များမှ ချင်းတိုင်းရင်းသား ၁၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About