တာဝန်ယူမှာလား လုပ်ပိုင်ခွင့် ယူမှာလား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Thursday, February 20, 2020

တာဝန်ယူမှာလား လုပ်ပိုင်ခွင့် ယူမှာလား


ဇန်
.
လောကတွင် မည်သူမဆို၊ မည်သည့်ကိစ္စ ဝိစ္စများတွင်မဆို ကောင်းကျိုးနှင့် ဆိုးကျိုး၊ အခွင့်အရေးနှင့်တာဝန် ဝတ္တရား၊ သာ ခြင်းနှင့် နာခြင်း စသည်ဖြင့် ကိစ္စများမြောင် လူတို့ဘောင်တွင် မလွဲမသွေကြုံတွေ့ ရင်ဆိုင်ကြရမှာ ဓမ္မတာပင် ဖြစ်လေသည်။
သို့ရာတွင် အချို့သောလူပေါ်ကြော့ ရေပေါ်ဆီများကား ကောင်း ကျိုးကိုသာ ခံစားလိုသည်။ အခွင့်အရေးကိုသာ ကိုယ်ကျိုးအ တွက် အသုံးချရန် ရှာဖွေကြံဆောင် လိုသည်။ ဘယ်တော့မဆို၊ ဘယ်သူနှင့် မဆို၊ ဘယ်နေရာမဆို၊ ဘယ်ကိစ္စမဆို အသာစီး ရကာ အပေါ်မှာသာ နေထိုင်လုပ်ကိုင် ပြောဆိုကျင့်သုံးလိုကြ သည်။ ထိုမျှလောက်နှင့် ထိုရမ္မက် ရှိရုံမျှလောက်နှင့် ထိုအာသီ သလောက်နှင့် ထိုတမ်းတမှုမျိုးလောက်ဖြင့် ထိုရည်ရွယ်ချက် မျိုး ထားရှိှိရုံလောက်နှင့် ထိုစိတ်ကူးရှိှိရုံမျှလောက်နှင့် ပြဿ နာ မရှိသေးပါသော်လည်း ၎င်းအကျိုးများကို အကြောင်းတရား ဖြစ်အောင် ၎င်းအကြောင်းများကို အကျိုးတရားဖြစ်အောင် အတည်အတန့် အခန့်အခိုင် လုပ်ကိုင်ကြံဆောင်ကာ ဘယ်သူ သေသေ ငတေမာအောင် အကောင်အထည်ဖော်ဆောင်ပြီ ဆို ပါက ၎င်းနှင့်ဆန့်ကျင်ဘက်ဖြစ်သော တစ်ဦးတစ်ယောက်၏ အကျိုး၊ တစ်စုတစ်ဖွဲ့ တစ်သင်း၏ အကျိုး၊ လူမျိုးတစ်မျိုး၏ အကျိုး၊ ဘာသာတရားတစ်ခု၏ အကျိုး၊ နိုင်ငံတစ်နိုင်ငံ၏ ကျိုးတို့သည် နစ်နာမှု ရှိတော့မည်မှာ၊ နစ်နာမှု ရှိလာမည်မှာ၊ နစ် နာမှုရှိနေသည်မှာ မြေကြီးလက်ခတ်မလွဲ အတိအကျပင်ဖြစ် သည်။
.
ထိုသို့ ကောင်းကျိုးချမ်းသာ၊ အခွင့်အရေးချမ်းသာ၊ အသာ ချည်းသာ လိုချင်တပ်မက်ကာ တမ်းတကြံဆောင် အချောင်ယူ နေပါက မျက်လုံးတစ်ဖက်ကန်းခြင်း ဖြစ်သလို ဆိုးကျိုး၊တာ ဝန် ဝတ္တရား၊ နာခြင်းတို့ကိုသာ ခံယူကျင့်သုံး အနစ်နာခံနေပါက လည်း မျက်လုံးတစ်ဖက်ကန်းခြင်းပင် ဖြစ်လေရာ ၎င်းအကျိုး တရားအကြောင်းတရားတို့ကို အခြေအနေ အချိန်အခါကို လိုက် ချင့်ချိန် ခန့်မှန်းတွက်ချက်ကာ မိမိအကျိုး၊ သူတစ်ပါးအကျိုး၊ အများအကျိုး၊ ကိုယ့်လူမျိုးအကျိုး၊ ကိုယ့်နိုင်ငံအကျိုး၊ ကိုယ့်ဘာ သာ သာသနာအကျိုးတို့ကို တိုးပွားစည်ပင် တည်တံ့အောင် ကြံ ဆောင် လုပ်ကိုင်နိုင်မှသာ ပညာရှိ၊ ပညာတတ်၊ ပညာရှင်ဟူ၍ နိုင်ငံသားကောင်း၊ နိုင်ငံကြီးသား၊ နောက်လိုက်ကောင်း၊ တပည့် ကောင်း၊ ပြည်သူ့ဝန်ထမ်းကောင်း၊ နိုင်ငံ့ဝန်ထမ်းကောင်း၊ အစိုး ဝန်ထမ်းကောင်း၊ ခေါင်းဆောင်ကောင်း၊ အမှုထမ်းကောင်း များဟု စံချိန်တင်ကဗျည်းထိုးကာ ရိုးသားကြိုးစား နိုးကြားမှုများ ကို ဂုဏ်တင်မှတ်တမ်းထိုးထားနိုင်မည် ဖြစ်ပေသည်။
.
လူတစ်ဦး တစ်ယောက်ချင်းစီ၏ တွေးခေါ်မှု၊ ဆင်ခြင်သုံး သပ်မှု၊ လုပ်ကိုင်ဆောင်ရွက်မှုအလိုက် မိမိနှင့် ပတ်ဝန်းကျင်၏ ကောင်းကျိုး၊ ဆိုးကျိုး၊ အခွင့်အရေးနှင့် တာဝန်ဝတ္တရား၊ သာ ခြင်းနှင့် နာခြင်းတို့၏ သက်ရောက်မှုသည် သေးငယ်ခြင်း၊ ကြီးမားခြင်းတို့ကို ဖြစ်ပွား ပေါ်ပေါက်လာစေနိုင်ပေသည်။ ထို့ ကြောင့်လူတိုင်းသည် မိမိ၏ အပြုအမူ၊ အပြောအဆိုတို့ကို ပညာ ရှိပီပီ၊ ပညာတတ်ပီပီ၊ ပညာရှင်ပီပီ လုပ်ကိုင်ပြောဆိုကျင့်ကြံနိုင် ကြစေရန် ကြိုးစားထိန်းကွပ်သင့်ကြပေသည်။
.
ထိုနေရာတွင် ကိုယ်၊ စိတ်၊ နှလုံး၊ အပြုအမူ၊ အပြောအ ဆို၊ အနေအထိုင်တို့ကို ကျင့်ကြံနေထိုင်ကြရာတွင် သူရူးတစ် ယောက်နှင့် ကလေးတစ်ယောက်နှင့် သာမန်တောသူ တောင် သားတစ်ယောက်နှင့် သာမန်ပြည်သူ တစ်ယောက်နှင့် ပရဟိ တသမားတစ်ယောက်နှင့် ကိုယ်စားလှယ်တစ်ယောက်နှင့် လုပ်သမားတစ်ယောက်နှင့် ပညာရှင်တစ်ယောက်နှင့် လူမှုဝန် ထမ်းတစ်ယောက်နှင့် ပြည်သူ့ဝန်ထမ်းတစ်ယောက်နှင့် အစိုး ရဝန်ထမ်းတစ်ယောက်နှင့် နိုင်ငံ့ဝန်ထမ်း တစ်ယောက်နှင့် ခေါင်းဆောင်တစ်ယောက်နှင့် အလုပ်အကိုင်၊ အဆင့်အတန်း များအရသော်လည်းကောင်း၊ အပြုအမူတစ်ခု၊ အပြောအဆို တစ်ခုသည် အလွန်သာသွားခြင်း၊ သြဇာသက် ရောက်မှုရှိခြင်း၊ ကောင်းကျိုးချမ်းသာ များစွာဖြစ်ထွန်းခြင်း၊ ကြောက်ရွံ့ထိတ် လန့်ခြင်း၊ ချစ်ခြင်း၊ မုန်းခြင်း၊ ပျက်စီး ဆုံးရှုံးခြင်း၊ သွေးကွဲခြင်း၊ စည်းလုံးညီညွတ်မှု ပျက်ပြားခြင်း၊ ငြိမ်းချမ်းရေး ပျက်စီးခြင်း၊   စစ်တလင်း ဖြစ်သွားခြင်း၊ လက်ဆွဲနှုတ်ဆက် ပွေ့ဖက်ကြခြင်း၊ အကျိုးစီးပွား ထိခိုက်ပျက်စီးခြင်း၊ အကျိုးစီးပွား တိုးဖွံ့ဖြိုးအောင် မြင်ခြင်းစသည်ဖြင့် များစွာသော အကျိုးအာနိသင်များ ကွာခြား မှာဖြစ်ပါတယ်။
.
ထို့ကြောင့် တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် လုပ်ကိုင်ဆောင် ရွက်ဖြေရှင်းရမည့် ပြဿနာကြီးငယ်ရွယ်လတ်များ ဆုံးဖြတ် ချက်ချမှတ်ရသည့် သူတစ်ဦးတစ်ယောက်အပေါ်တွင်မူတည် ကောင်းကျိုးဆိုးကျိုး၊ အခွင့်အရေးနှင့် တာဝန်ဝတ္တရား၊ သာ ခြင်း၊ နာခြင်းတို့သည်လည်း အဆင့်ဆင့်ကို မူတည်ကာ သက် ရောက်မှု ကြီးမားပြင်းထန်နိုင်သည်မှာ ဆိုဖွယ်ရာပင် မရှိပေ။
.
တာဝန်ဝတ္တရားဆိုရာတွင် တာဝန်သည် မဖြစ်မနေလုပ် ဆောင်ဖြေရှင်းရမည့် ပြဿနာဖြစ်ပြီး ၎င်းပြဿနာများကို တာ ဝန်ယူမှု တာဝန်ခံမှုများဖြင့် တာဝန်ယူ ဖြေရှင်းရမည့်တာဝန်ခံ များကို ခန့်အပ်ထားခြင်းမျိုးရှိပြီး ၎င်းတာဝန်များကို မည်သူက မျှ အတင်းအကျပ် ရိုက်နှက်ခိုင်းစေခြင်း မဟုတ်ဘဲ တာဝန်ယူ ဖြေရှင်းတတ်ကြသူများလည်း ရှိကြပေသည်။ တာဝန်ယူမှု၊ တာဝန်ခံမှု၏ အဓိကပင်မကျောရိုးသည် ခေါင်းဆောင်များ၊ နိုင်ငံ့ဝန်ထမ်း၊ အစိုးရဝန်ထမ်း၊ ပြည်သူ့ဝန်ထမ်းများ အဆင့် ဆင့်တို့ပင် ဖြစ်ပြီး ၎င်းတို့ကို အခွင့်အရေးများနှင့် တာဝန်ဝတ္တ ရားများစွာကို လစာ၊ ရိက္ခာ၊ ထောက်ပံ့ကြေးများစွာဖြင့် တရား ဝင် ပေးအပ်ထားခြင်းပင် ဖြစ်သည်။ ၎င်းတို့၏ တာဝန်ဝတ္တရား သည် ပြည်သူလူထုနှင့် နိုင်ငံသားများ၏ နေ့စဉ်ဘဝများတွင် အဆင်ပြေချော မွေ့သက်သာချောင်ချိအောင် တတ်စွမ်းသမျှ သော ကိုယ်အားဉာဏ်အားတို့ဖြင့် ဝန်ဆောင်မှုများ ပေးစွမ်းရန် ပင်ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့အတွက် တာဝန်ဝတ္တရား ဆို သည်မှာ ပြည်သူလူထုနှင့် နိုင်ငံသားတို့၏ အချိန်နှင့်အမျှ ဖြစ် ပွားတတ်သော ပြဿနာများကို တာဝန်ယူ ဖြေရှင်းပေးရန် တာ ဝန်ခံပေးရန်သာဖြစ်ပြီး အခွင့်အရေး ဆိုသည်မှာ ယင်းသို့ဖြေ ရှင်းပေးရာတွင် ရင်ဆိုင်ကြုံတွေ့ရနိုင်သည့် အခက်အခဲကြီးများ ကို အသေးအမွှားအဖြစ် ပြောင်းလဲရန်၊ လွယ်ကူဖြောင့်ဖြူးချော မောစွာ ဆောင်ရွက်နိုင်စေရန်၊ မတော်မတည့် မမှန်မကန်သူ များ၏ မရိုးမသား ပြုလုပ်ကြံစည်မှုများကို ကျော်လွှားနိုင်စေရန် တို့အတွက် တာဝန်ဝတ္တရားနှင့်အတူ သုံးစွဲခွင့်ပြုထားသော ရာ ထူး၊ အာဏာနှင့် လုပ်ပိုင်ခွင့်ဖြစ်ပြီး ၎င်းတို့ကို အခွင့်အရေးဟု ဆိုရမည် ဖြစ်သည်။ ထို့ကြောင့် နိုင်ငံ့ဝန်ထမ်း၊ အစိုးရဝန်ထမ်း နှင့် ပြည်သူ့ဝန်ထမ်းများကို တာဝန်ဝတ္တရားနှင့် တာဝန်ခံမှု၊ တာ ဝန်ယူမှုကိုတွဲလျက် မှတ်သားထားနိုင်၏။ ၎င်းတို့၏ တာဝန်နှင့် ဝတ္တရားကို တာဝန်ယူ မဖြေရှင်းဘဲ အခွင့်အရေးကို ချည်းယူ ငင် သုံးစွဲနေပါက မည်သူမဆို မှတ်တမ်းတင်ထားနိုင်ပေသည်။ ထိုသို့ပြုလုပ်သူများသည် တရားဥပဒေစိုးမိုးရေးကို ပျက်ပြား အောင် ပြုလုပ်သူမည်၏။ ၎င်းတို့ကို ထောက်ပြ၊ ဝေဖန်၊ အကြံ ပေး၊ မှတ်တမ်းပြုထားရန်လည်း အခွန်ထမ်း ပြည်သူလူထုဖြစ် သော နိုင်ငံသားတိုင်းတွင် တာဝန်ဝတ္တရားရှိသည်မှာ အတိအ ကျဖြစ်ပြီး အခြေခံဥပဒေကပင် တရားဝင်ပြဋ္ဌာန်းကာ ခွင့်ပြုထား ပေသည်။
.

.
သို့သော် ထိုအခွင့်အရေးများကို တစ်စုံတစ်ရာမျှ ခံစားအ သုံးပြုခွင့် မရှိပါသော်လည်း ပတ်ဝန်းကျင်အကျိုး၊ အများအကျိုး၊ ဘာသာသာသနာအကျိုး၊ နိုင်ငံနှင့် လူမျိုးအကျိုးတို့ကို စွမ်းစွမ်း တမံ ထမ်းဆောင်နေသူများ ဦးဆောင်ဦးရွက် ပြုနေကြသူများ၊ တာဝန်ဝတ္တရားများကို တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်အဝဖြင့် လုပ်ကိုင်ဆောင်ရွက်နေသူ ပရဟိတသမားများ၊ လူမှုဝန်ထမ်း များ၊ နိုင်ငံကြီးသားစိတ်ရှိသော နိုင်ငံသားကောင်းများ၊ ခေါင်း ဆောင်ကောင်းများလည်း ရှိနေကြပြန်သည်။ ၎င်းပုဂ္ဂိုလ်များအ တွက်တော့ တာဝန်မရှိသော်လည်း ဝတ္တရား မရှိပါသော်လည်း တာဝန်သိစိတ်ရှိသည် ဝတ္တရား နားလည်သည်ဟူသော မှတ် တမ်းတင် ဂုဏ်ပြုထိုက်သော ပုဂ္ဂိုလ်များမည်ပေ၏။
.
တာဝန်ကိုမသိသူ၊ ဝတ္တရားကိုမဖြေရှင်းသူ၊ တာဝန်ယူမှုတာ ဝန်ခံမှု မရှိသူ၊ သို့သော် ရသမျှ အခွင့်အရေးများကိုတော့ အကုန် အစင် ကုတ်ခြစ်ခံစားတတ်သည့် နိုင်ငံ့ဝန်ထမ်း၊ အစိုးရဝန်ထမ်း၊ ပြည်သူ့ဝန်ထမ်းများကို စောင့်ကြည့်၊ လေ့လာ၊ မှတ်တမ်းတင်၊ သတိပေး၊ သင်ပြ၊ ဝေဖန်၊ အကြံပေး၊ ထောက်ပြခြင်းများကို ပြည်သူလူထုတိုင်း နိုင်ငံသားတိုင်းက ပြုလုပ်ပိုင်ခွင့်ရှိသလို ပြု လုပ်ရမည်လည်း ဖြစ်သည်။
.

တစ်သန်းမျှလောက်သော ထိုပုဂ္ဂိုလ်များထဲတွင် ပိုးထိုး၊ လောက်ကိုက်၊ အကျင့်ပျက်၊ ခြစား၊ အဂတိတရား လိုက်စား ကာ လာဘ်ပေးလာဘ်ယူ ပြုနေသူများကို သန်း ၅၀ မျှသော ပြည်သူလူထု၊ နိုင်ငံသားများ၏ မျက်စိ၊ နား၊ ပါးစပ်၊ ဦးနှောက် များဖြင့် လှီးထုတ်၊ ဖယ်ရှား၊ ရှင်းလင်းသွားရမည်မှာ သမိုင်းက ပေးသော၊ နိုင်ငံတော်ကပေးသော၊ ခေတ်က ပေးအပ်သော၊ အမျိုးသားရေးက ပေးအပ်သော၊ လူမျိုးဘာသာသာသနာက ပေးအပ်သော၊ နိုင်ငံ့သားကောင်း၊ ပြည်သူလူထုတစ်ဦး တစ် ယောက်ချင်းစီတို့၏ မဟာတာဝန်ဝတ္တရားပင် ဖြစ်ပေသည်။ မိမိရှိသောနိုင်ငံ၊ မိမိနေသော တိုင်းနယ်ပြည်နယ်၊ မိမိမွေးဖွား နေထိုင်ကြီးပြင်းရာ ခရိုင်မြို့နယ်၊ မိမိလက်လှမ်းမိသော အုပ်စု၊ ကျေးရွာ၊ ရပ်ကွက်အတွင်းတွင် ယင်းသို့ လာဘ်ပေးလာဘ်ယူ ပြုသော၊ အဂတိတရား လိုက်စားသော၊ တာဝန်ယူမှု တာဝန်ခံမှု မရှိသော ပုဂ္ဂိုလ်မရှိစေရဟူသော ခံယူချက်ဖြင့် တိုက်ဖျက်နိုင် ကြစေဖို့ အသိပေးလိုက်ရပါသည်။

No comments:

Post a Comment

Journal Download

Photo of three cats

About