ခြေဗလာနှင့် ထိုသံဃာ - Kanbawza Tai News

Kanbawza Tai News

#StayAtHome

Breaking

Boxed(True/False)

Wednesday, February 26, 2020

ခြေဗလာနှင့် ထိုသံဃာ

ဆဏ်းမောင် (ကွတ်ခိုင်)
.
လွန်ခဲ့သော ၁၅ နှစ်ခန့်၊ လားရှိုးမြို့တွင် နေစဉ်က မဟာ ဗောဒ္ဓါရုံကျောင်းလမ်းအတိုင်း ဆိုင်ကယ်လေးစီးပြီး မောင်းနှင် လာခိုက် ရေကန်တောင် လမ်းဆုံအရောက်တွင် သံဃာတစ်ပါးက ကျွန်တော့်ဆိုင်ကယ်ကို တားပါသည်။ ရဟန်းများ ခရီးသွား လာလျှင် အသုံးပြုလေ့ရှိသည့် အဝါရောင် လွယ်အိတ်ကိုလည်း ပုခုံးထက်၌ လွယ်ထား၏။ အာဂန္တု ခရီးသွား ရဟန်းတစ်ပါးဖြစ်လိမ့်မည်ဟု အကြမ်းဖျင်း ကောက်ချက်ချမိပြီး ယခုကဲ့သို့ ကျွန်တော့်ဆိုင်ကယ်ကို တားခြင်းမှာ လမ်းကြုံလိုက်ချင်၍ ဖြစ်မည်ဟု တွေးထင်မိသည်။ ထိုသို့ဆိုပေက ကျွန်တော့်၏ သွားလာရ ခြင်းအကြောင်းကိစ္စများကို အပထားပြီး သံဃာတော် အလိုရှိရာသို့ ဦးစားပေး လိုက်လံပို့ပေးမည်ဟု စိတ်ပိုင်းဖြတ်ထားသည်။ ပူပြင်းသော နေအရှိန်ကြောင့် သံဃာတော်သည် ဦးခေါင်းထက် ၌ သင်းပိုင်စကို တင်ထားလေသည်။ အောက်ပိုင်းကို ဂရုတစိုက် ကြည့်မိလေသောအခါ ဖိနပ်မပါ ခြေဗလာချည်း။
.
"ဒကာ ဒကာ ခဏနေပါဦး။ ဦးဇင်းက ခရီးသွားပါ။ သွားရင်း သွားရင်း ဖိနပ်ပြတ်သွားလို့ အဲဒါ ဦးဇင်းကို ဖိနပ်လှူပေးဖို့ ဝတ္ထု ငွေ အလှူခံချင်ပါတယ်"
.
ကျွန်တော့်စိတ် ဇဝေဇဝါ ဖြစ်သွားသော်လည်း ဖိနပ်တစ်ရံ ဝယ်လှူဖို့အတွက် ငွေကြေးအတိုင်းအတာ အခက်အခဲ မရှိပါ။ ခက်သည်က သည်အနီးအနားတွင် ပရိက္ခရာဆိုင် မရှိ။ ဖိနပ် ဝယ်ရန်အတွက် ဝတ္ထုငွေကို ပေးကပ်လိုက်ပါဘိ၊ သပိတ်မပါ ဆွမ်းခံထွက်ချိန် မဟုတ်ပါဘဲ သည်အတိုင်း နေပူကျဲတဲမှာ ခြေ ဗလာနှင့် သွားနေမည်ဆိုပေက အမြင်မသင့်တော်။ ထို့ကြောင့်
.
"အရှင်ဘုရား ဒီနား ပတ်ဝန်းကျင်မှာ ပရိက္ခရာဆိုင် မရှိဘူး။ ဖိနပ်ကို တပည့်တော် ဝယ်ပြီး ကပ်လှူပါ့မယ် ဘုရား"
သည်လို ကျွန်တော်က လျှောက်ထားလိုက်သောအခါ ဦး ခေါင်းထက်တွင် နေအပူဒဏ်ကာ တင်ထားသည့် သင်းပိုင်ဖြင့် စီးကျလာသော ချွေးစချွေးနများကို သုတ်လိုက်ပြီး
.
"ဟာ နေပါ့စေ။ ဒကာလည်း သွားလာစရာ အလုပ်တွေ ရှိ မှာပေါ့။ ဦးဇင်းကို ဖိနပ်ဝယ်ဖို့ ဝတ္ထုငွေသာ ကပ်ခဲ့ပါ။ ဦးဇင်းအ တွက်လည်း ဒကာလေးမှာ ဝန်ထုပ်ဝန်ပိုးလို မဖြစ်စေချင်ဘူး။ ဦးဇင်းဘာသာပဲ ဦးဇင်း ဝယ်လိုက်ပါ့မယ်"
.
သံဃာတော်က ငြင်းဆန်နေပါသည်။ ကျွန်တော်က ဖိနပ် ကို ဝယ်ယူပြီး ကပ်လှူပေးပါမည်ဆိုတော့ ဖိနပ်ဝယ်ဖို့ရာ ဝတ္ထု ငွေကို ကပ်လှူပေးရမည်ကို ကျွန်တော့်စိတ်တွင် သိပ်ဘဝင် မ ကျလှ။ သည့်အတွက် နည်းလမ်း ၂ ခု စဉ်းစားမိသည်။ ဦးဇင်း ကို သည်နေရာမှာပဲ ရပ်စောင့်စေပြီး ကျွန်တော်ကပဲ ပရိက္ခရာ ဆိုင်သို့ သွားရောက်ကာ ဖိနပ် ဝယ်ယူမည်လော။ သို့တည်းမ ဟုတ် ဦးဇင်းကိုပါ ဆိုင်သို့ တစ်ပါတည်း ပင့်ဆောင်သွားရမည် လော။
.
ဖိနပ်ဆိုဒ်အရွယ် ဆိုသည်ကို ထည့်သွင်းစဉ်းစားမိရာမှ ဦး ဇင်းကို ဆိုင်ကယ်ဖြင့် ပင့်ဆောင်ခေါ်သွားပြီး ဖိနပ်ကပ်လှူမည့် နည်းလမ်းကို ရွေးချယ်ပြီး
.
"တက်ပါ အရှင်ဘုရား တပည့်တော် လိုက်ဝယ်လှူပါ့မယ်"
.
"ဟာ ဒကာကလည်း"
ကျွန်တော်က အတင်းအကျပ် မရမက ပင့်ဆောင်ခေါ်မှု ကြောင့် ဦးဇင်းလည်း လိုက်ပါလာတော့သည်။ ပရိက္ခရာဆိုင်သို့ ရောက်သောအခါ ဦးဇင်းစီးမည့် ဖိနပ်အရွယ်အစားကို ဝယ်ယူ ကပ်လှူပေးရုံမက ဥတုကလည်း ပူပြင်းသည်မို့ ထီးတစ်ချောင်း ပါ ထပ်မံ ဝယ်ယူကပ်လှူပေးလိုက်သည်။ ကပ်လှူရခြင်းကို ဆု ပေးပြီး လိုရာအရပ်သို့ လိုက်ပို့ပေးမည်ဆိုသောအခါ ဒကာတစ် ယောက်အိမ်သို့ ဝင်ရဦးမည်ဆိုကာ ထွက်ခွာသွားလေသည်။
.


.
နောက် ၂ ရက် ၃ ရက်လောက်သာ ခြားပေလိမ့်မည်။ ကျွန် တော် ထိုလမ်းထဲသို့ တစ်ခေါက်ရောက်မိရာ အတော် အံ့သြ သွားသည်။ အံ့သြမှုနှင့်အတူ ဒေါသတို့ပါ ရောဖက်လာသည်။ ထိုလမ်း၊ ထိုနေရာ၊ ထိုနေ့ကအတိုင်း၊ ထို ဦးဇင်းကို ဖိနပ်မပါ၊ ခြေဗလာနှင့် တွေ့ရပြန်သည်။ ကွဲပြားသည်မှာ ထိုသံဃာဆိုင် ကယ်တစ်စီးကို တားနေသည်မှာ ကျွန်တော်မဟုတ်။ အခြားလူ တစ်ယောက် မောင်းနှင်လာသည့် ဆိုင်ကယ်ကို ကျွန်တော့်ကို ထိုနေ့က တားသကဲ့သို့အတိုင်း မြင်တွေ့လိုက်ရတော့သည်။
.

စေတနာသုံးတန်ပြတ် ဝယ်ယူလှူဒါန်းပေးလိုက်သည် ဆို သော်လည်း စိတ်ထဲတွင် ခိုးလုခုလု မတင်မကျ ခံစားမှုကြောင့် ထိုနေ့ ကုသိုလ်သည် ဒါနမြောက်ပေမည်လည်း မဟုတ်။ ယုံ ကြည်ကိုးကွယ်မှုကို အပေါ်ယံ သင်္ကန်းရုံ၍ အလွဲသုံးစားပြု လိမ် လည်ခံရသကဲ့သို့ မခံချိ မခံသာဖြစ်မိသည်။ နောက်နောင် အခါ တွင် ဓမ္မစစ် အာဂန္တုသံဃာခရီးသွားများအတွက် တကယ်ပင် အခက်အခဲ ကြုံလာသည့်အခါ လှူဒါန်းပေးလာမည့် အလှူရှင် များအနေဖို့ သံသယ ရိပ်ကဲဝင်လာစရာများ ဖြစ်လာပေတော့ မည်။
ထိုလမ်း၊ ထိုနေရာ၊ ထိုနေ့ကအတိုင်း၊ ထို ဦးဇင်းကို ဖိနပ်မပါ၊ ခြေဗလာနှင့် တွေ့ရပြန်သည်။
.
ဘာသာ၊ သာသနာကို ခုတုံးလုပ်ကာ တစ်ဦးတစ်ယောက် ချင်းစီသော်လည်းကောင်း၊ အုပ်စုဖွဲ့၍ သော်လည်းကောင်းနယ် လှည့်ကာ အမျိုးမျိုး လိမ်လည်နေသူများ ရှိလေသည်။ မည် သည့်အရပ်ဒေသကမှန်း မသိသော သံဃာအတုအယောင်များ သည်လည်း ကားတစ်စီး ငှားရမ်းပြီး အနယ်နယ် အရပ်ရပ်သို့ လူငှားများ ခေါ်ဆောင်လာကာ အလှူခံ ပတ်ထွက်ခြင်းမျိုးပင် အုပ်စုဖွဲ့ သွားလာ၍ ဘာသာ၊ သာသနာကို အကြောင်းပြ လိမ် လည်နေသည့် အတုအယောင်များလည်း ရှိနေပေသည်။
.
စေတီတည်၊ ကျောင်းဆောက်၊ ပရဟိတ စသဖြင့် အမှန်တ ကယ် သာသနာပြုလုပ်ကိုင်ရန် နယ်လှည့် အလှူခံခြင်း ဟုတ် မဟုတ်ကို သက်ဆိုင်ရာ သံဃာ့နာယက အဖွဲ့အစည်းနှင့် မြို့ နယ်သာသနာရေးရုံးများမှ ခေါ်ယူမေးမြန်း စိစစ်ထိန်းသိမ်းသင့် ပေသည်။ သက်ဆိုင်ရာ အထောက်အထား၊ စာရွက်စာတမ်းများ မခိုင်လုံပေက တင်းတင်းကျပ်ကျပ် ထိရောက်စွာ အရေးယူဖို့ လိုအပ်ပါသည်။ သို့မဟုတ်ပေက သာသနာတော် ညှိုးနွမ်းစေ မည့်အပြင် အစစ်အမှန် ရဟန်းသံဃာတော်များကိုပါ အကြည် ညို ယုတ်လျော့သွားစေမည့် နောက်ဆက်တွဲ အကျိုးကို တင်ကြိုတွေးထိတ်မှုများကြောင့် ရေးသားလိုက်ရကြောင်းပါ။

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)