ကန်ရေတွေ ကျသွားချိန် ရေသန့်က စျေးတက်တယ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Friday, February 21, 2020

ကန်ရေတွေ ကျသွားချိန် ရေသန့်က စျေးတက်တယ်


အောင်ဆန်းဝင်း
.
စာပေသားပေါက်အနေနဲ့ စာလေး မတောက်တစ်ခေါက်ရေး ဖြစ်တယ်။ ဒီလို တောင်မရောက် မြောက်မရောက် ရေးတာလေး သိတဲ့လူတွေက ဘာအကြောင်းအရာ အများဆုံးရေးလဲလို့ မေး တတ်ကြတယ်။ ရေးတာသိပြီး စာမဖတ်တဲ့လူတွေ ပြောရမှာပေါ့။ ပုံမှန်စာဖတ်လေ့ဖတ်ထရှိတဲ့ လူက အကြောင်းသိတွေ။ ဟိုစပ် စပ် ဒီစပ်စပ် မျက်လုံးထဲ တွေ့ကရာ ရောသမမွှေပြီး လက်ဦး တည့်ရာ လျှောက်ရေးတယ် ဆိုတာကို။ အမှန်အတိုင်း ပြောရ ရင် စာတွေ ရေးမယ့်သာ ရေးနေတာ ကိုယ်တိုင်လည်း ဘာစာ အမျိုးအစားပါလို့ ခေါင်းစဉ်မခွဲတတ်ဘူး။ ဘယ်ခေါင်းစဉ် အောက်မှာမှလည်း တစ်သမတ်တည်း မရှိဘူး ထင်ပါတယ်။ စိတ်လိုလက်ရရှိတဲ့အခါ ဝတ္ထုတိုလေးတွေ ရေးတယ်။ မဂ္ဂဇင်း တိုက်ကို ပို့လိုက်တယ်။ ဆောင်းပါးရေးတယ်။ သတင်းဆောင်း ပါးဖြစ်တဲ့အခါ ရှိတယ်။ အဆင်ပြေရင် သတင်းတိုလေးတွေရေး တယ်။ အက်ဆေးလည်း ဖြစ်သွားတတ်တယ်။
.
ဖဲထုပ်ထဲမှာ ဂျိုကာတွေ ပါတယ်။ ဂျိုကာတွေက ဘယ်အ ထွေထဲ ရောကပ်ကပ် အဆင်ပြေတယ်။ ကိုယ်တိုင်က ဆရာ မဟုတ်တဲ့ စာပေသားပေါက် အဆင့်။ ဘာအကန့် ညာအကန့် တွေ ခွဲခွဲခြားခြား လုပ်မနေဘူး။ စာရေးတဲ့အချိန် ဂျိုကာလို့ ဘောထားလိုက်တယ်။ စိတ်လွတ်ကိုယ်လွတ် ထားလိုက်တော့ ရေးရတာ အဆင်ပြေသွားတယ်။ (စာကြီး ပေမွန်တွေ ရေးဖို့ လက်က အဆင့်မမီတာလည်း ပါတာပေါ့။) ကျမ်းကိုးကျမ်းကား နဲ့ အခိုင်အခန့် ရေးကြည့်ပါလားလို့ တချို့က တိုက်တွန်းတယ်။ ကိုယ့်သောက်ချိုးက အဲလောက်ထိ အဆင်မပြေတော့ အခိုင်အ ခန့်တွေ ရေးလို့ မဖြစ်နိုင်သေးဘူး။ မျက်လုံးထဲ မြင်လေသမျှ ကိုယ့်စာကိုယ်ရေး ဘယ်နားရောက်ရောက် ဆိုတာမျိုးပဲ ဖြစ်နေ တယ်။ တစ်ခါတလေ အမျိုးတွေ တိုက်တွန်းသလို ရေးဖို့အခြေ တည်ကြည့်တယ်။ အဟုတ်။ တကယ်ကို အတည်အခန့် ရေးလို့ မရတာ။
.
နေ့ထူးနေ့မြတ်တွေ နီးလာရင်၊ ကျော်သွားရင် အဲဒီနေ့ရက် တွေနဲ့ ပတ်သက်ပြီး အကြံပြုတဲ့လူတွေ ရှိတယ်။ ဖြစ်စေချင်တဲ့ စိတ်နဲ့ အကြံပြုတာ ဖြစ်တဲ့အတွက် တစ်ခါတလေ ကြိုးစားကြည့် တယ်။ ဘယ်လိုမှ အဆင်မပြေဘူး။ ဖေဖော်ဝါရီ ၁၃ ဟာ ဗိုလ် ချုပ်မွေးနေ့။ အခုနောက်ပိုင်း ကလေးများနေ့လည်း ဖြစ်တယ်။ ပဲပြုတ်နံပြား ကျွေးပြီး ဗိုလ်ချုပ်ကို ဂုဏ်ပြုပွဲတွေ လုပ်ကြတယ်။ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့နဲ့ ပတ်သက်ပြီး စျေးအကြီးမွေးနေ့ ဆိုတဲ့ ခေါင်းစဉ်တပ်ပြီး ဆောင်းပါးတစ်ပုဒ် ရေးဖူးတယ်။ စည်း နဲ့ ဘောင်နဲ့ ရေးရတဲ့စာဆိုတော့ တော်တော်ကြီး ခက်ခဲတယ်။ ချိန်ခါရာသီစာဖြစ်လို့ ရေးကြည့်တာ။ ဂျာနယ်စာမျက်နှာထက် ပါသွားပေမယ့် ကိုယ်တိုင်အားမရဘူး။ ကိုယ့်အရေးအသားကို စာဖတ်ပရိသတ်လည်း ကြိုက်မယ့်ပုံ မပေါ်ဘူး။ ကိုယ်နဲ့ မအပ် စပ်တဲ့ စာအမျိုးအစားဆိုတော့ သောက်တလွဲတွေချည်း။
.
တစ်ခါတလေ မြင်လေသမျှ စိတ်ကူးပေါက်တဲ့အတိုင်း လျှောက်ရေးရတာ ခေါင်းကြိမ်းသလိုတော့ ဖြစ်မိတယ်။ မြို့ မေတ္တာခံရမယ့် အကြောင်းအရာတွေ ဖြစ်နေရင် ပိုဆိုးတယ်။ ခေတ်က ဆိုရှယ်မီဒီယာထွန်းကားတဲ့ခေတ်။ ရေးလိုက်တဲ့ စာ တွေ ပုံနှိပ်စာရွက်ပေါ်တင် တစ်ခန်းရပ်တာမျိုး မဟုတ်တော့ဘူး။ သူ့အချိန် တစ်ခုရောက်တာနဲ့ အွန်လိုင်းပေါ် ရောက်သွားတယ်။ ဂျာနယ်တိုက်တွေဆိုရင် ကိုယ်ပိုင်ပေ့ချ်ပေါ် တင်ကြတယ်။ ကိုယ်ရေးလိုက်တဲ့ စာမူအတော်များများ အွန်လိုင်းပေါ်ရောက် တာနဲ့ ကောင်းချီးအပေးခံရတာတွေ ဖြစ်နေတတ်တယ်။ ကိုယ် တိုင်က သည်းခြေမကောင်းတာလား အမှတ်သညာနည်းလို့ လားတော့ မပြောတတ်ပါဘူး။ ရေးလိုုက်တိုင်း ဒီလိုတွေချည်း ဖြစ်နေတော့တာ။ စျေးအကြောင်း ရေးတယ်။ ကောင်းချီးပေးကြ တယ်။ သမီးရည်းစားအကြောင်း ရေးတယ်။ ထုံးစံအတိုင်း ဝက် ဝက်ကွဲ သောက်သောက်လဲ။
.
သတင်းတိုလေး တစ်ပုဒ်ရေးဖူးတယ်။ ထူးထူးဆန်းဆန်း အကြောင်းအရာတော့ မဟုတ်ပါဘူး။ တောင်ကြီးမြို့၊ ကျောင်း ကြီးစုရပ်ကွက်၊ ဂနိုင်ကန်အတွင်းက ပျောက်ဆုံးသွားတဲ့ ရေဘဲ တွေ ပြန်လည်ကျက်စားလာတဲ့ အကြောင်း။ အဲဒီသတင်း ဖတ် မိတဲ့ လူတစ်ယောက်က မင်းသတင်းက ဟုတ်ပါ့မလားတဲ့။ ပျောက်သွားတာ ဆယ်စုနှစ်တောင် ချီနေပြီ ဆိုတော့ သူက မယုံချင်ဘူးပေါ့။ အဲဒါနဲ့ ညနေစောင်းလေးနာရီလောက် ကိုယ် တွေ့ထားတဲ့ ရေဘဲအုပ် ရှိတဲ့နေရာကို ခေါ်ပြလိုက်တယ်။ ရေ စပ်စပ်နဲ့ မြက်ခြောက်တွေ မင်းမူတဲ့ ကန်ကျယ်ကြီးထဲမှာ အစာ ကောက်တဲ့ ဘဲအုပ်မြင်တော့မှ အေပါကွာတဲ့။ ခွေးတစ်ကောင် ဖြတ်ပြေးလို့ အလန့်တကြား ထပြန်တဲ့ ဘဲအုပ်ကြည့်ပြီး စကား တစ်ခွန်းပြောတယ်။ ပျောက်သွားတဲ့ရေဘဲတွေ ရောက်လာမှ ကန်တွေက ရေမရှိတော့ဘူး။ ပြီးခဲ့တဲ့နှစ်က ရေစုကန်ဖြစ်အောင် ငွေကုန်ကြေးကျခံ လုပ်ထားတာ အလကားဖြစ်သွားတာပေါ့တဲ့။
.
ဟုတ်တော့လည်း အဟုတ်သား။ ရေဘဲတွေက အစာ ကောက်လိုက် လူးလာတွန်းတိုးပျံလိုက်နဲ့ လုပ်နေတာ။ ကန် ကျယ်ကြီး ကြည့်လိုက်တော့ရေက ရှိတယ်လို့တောင် ပြောမရ ဘူး။ ပြီးခဲ့တဲ့နှစ်က သက်ဆိုင်ရာ တာဝန်ရှိသူတွေ ဂနိုင်ကန်အ မှတ် (/)ကို ရေစုကန်ဖြစ်အောင်၊ နွေရာသီရေရှားပါးမှု ဖြစ် ခြင်းက ကာကွယ်နိုင်အောင်ဆိုပြီး စက်ယန္တရား အင်အားတွေ နဲ့ တူးဖော်ခဲ့တယ်။ လုပ်တဲ့အချိန်တုန်းက အမှန်တကယ်လည်း နွေရာသီအတွက် အထောက်အကူ ဖြစ်လိမ့်မယ်လို့ ထင်ခဲ့ရ တယ်။ လက်တွေ့ အနေအထားက နွေဦးလေရူးနဲ့ ဖုန်ထရုံရှိ သေး ကန်ရေက ပျောက်သွားပေါ့။ မိုးတွေ ဖြိုင်ဖြိုင်ရွာတဲ့ အချိန် ရေစုတဲ့ ကန်အဆင့်လောက် ရှိတယ်။ ဘယ်လိုပညာတတ် ညာရှင်တွေနဲ့ တွက်ချက်ပြီး လုပ်ကိုင်ဆောင်ရွက်ခဲ့တယ် ဆို တာတော့ မပြောတတ်ပါဘူး။ ရေဘဲတစ်အုပ် ဘေးနားမှာ နွား ညီနောင်က စားမြုံတောင်ပြန်နေလိုက်သေး။
.
လုပ်တဲ့အချိန်တုန်းက ဘက်ဟိုးကားအကြီးစားတွေနဲ့ လုပ် တာ။ အမှန်တကယ် နွေရာသီအတွက် အသုံးဝင်မယ်လို့လည်း ထင်ခဲ့ရတယ်။ အမှတ် ကန်ရော အပေါ်ကန်(ဂနိုင်ကန်အမှတ် ) ဘက်ကော လုပ်တာ။ အခုကျတော့ နွေရာသီတောင်ကောင်း ကောင်း မရောက်သေးဘူး။ ကန်တွေက ရေမရှိတော့ဘူး။ လုပ် မယ်ဆိုရင်လည်း သေချာရေစုနိုင်မလား၊ နွေရာသီအထိ အသုံး ဝင်မလားဆိုတာကို တွက်ချက်ပြီး လုပ်သင့်တယ်။ မိုးရာသီရွာ တဲ့အချိန်လောက်ပဲ ရေစုနိုင်တယ် ဆိုရင်တော့ လုပ်ထားတာ တွေက ဘာမှအသုံးမဝင်ဘူး။ ပိုက်ဆံကုန်တယ်။ ပြည်သူ့ ဘဏ္ဍာငွေတွေ အလဟဿဖြစ်တာပဲ အဖတ်တင်လိမ့်မယ်။ ရေကို ရေရှည်ထိန်းသိမ်းနိုင်တဲ့ ကန်မျိုးဖြစ်အောင် လုပ်နိုင်တော့ တစ်မျိုးပေါ့။ ဒီအနေအထားကတော့ အချိန်ကုန်ငွေကုန် ဖြစ် တာကလွဲပြီး အသုံးမဝင်နိုင်ဘူးလို့ ရေမရှိတဲ့ ကန်ထဲက ဘဲအုပ် ကြည့်တဲ့လူက ပြောတယ်။
.

.
ရေဘဲတစ်အုပ်နဲ့ နွားညီနောင်ပျော်တဲ့ကန်ကို ကျောခိုင်းပြီး ဝပ်ကျင်းရှိတဲ့နေရာ ပြန်ရောက်တော့ ညနေစောင်း နာရီ လောက်။ သက်သေပြနိုင်ခဲ့တဲ့ ရေဘဲအုပ် သတင်းအကြောင်း တွေးတုန်း ရေသန့် လာပို့တယ်ဗျာ ဆိုတဲ့အသံ ကြားလိုက်ရ တယ်။ ပုံမှန်ရေသောက်တာထက် ရောစပ်တာ များများဖြစ်တဲ့ ရေသန့်ဘူးက ခါလီ။ လာပို့တဲ့ အမှတ်တံဆိပ်က နှစ်ပေါင်းများ စွာ သုံးနေကျဖြစ်တဲ့အတွက် တစ်ဘူး လဲလိုက်တယ်။ ထုံးစံအ တိုင်း ၅၀၀ တန်တစ်ရွက် ထုတ်ပေးလိုက်တယ်။ ရေသန့်ပို့တဲ့ လုပ်သားလေးက ၆၀၀ ဖြစ်သွားပြီတဲ့။ ဥတုရာသီက နွေဘက် တောင် ကောင်းကောင်း မရောက်သေးဘူး ရေသန့်ကတော့ ကျပ် ၁၀၀ တိတိ တက်သွားပေါ့။ အပိုဆောင်း ရတော့မယ့် ၁၀၀ တစ်ရွက် ထုတ်ပေးပြီး စျေးနှုန်းတက်ရတဲ့ အကြောင်းရင်း မေးကြည့်တော့ စက်ရုံက ကောက်ခိုင်းလို့ တိုးကောက်တာပါတဲ့။
.

ရက်ပိုင်းခြားပြီး နောက်ထပ်တစ်ကြိမ် ရေသန့်ဗူး ထပ်လဲ ရတယ်။ ဒီတစ်ခေါက်တော့ တစ်ဆိုင်တည်း တစ်ယောက်တည်း လဲတာမဟုတ်ဘူး။ ဘေးပတ်လည်ဆိုင်တွေ အားလုံးစုပေါင်းလဲ ကြတာ။ အားလုံးသုံးတဲ့ အမှတ်တံဆိပ်ကလည်း တစ်ခုတည်း။ လဲသမျှ ရေသန့်ဘူးတိုင်းအတွက် ၆၀၀ ကျပ်တိတိ အားလုံးပေး ရတယ်။ ဘေးဆိုင်က မိတ်ဆွေတစ်ယောက် ရေသန့်စျေးနှုန်း တက်တဲ့အကြောင်းရင်း သိရအောင် ထုတ်လုပ်တဲ့ စက်ရုံကို ဖုန်းဆက်မေးကြည့်တယ်။ လက်ခံဖြေကြားတဲ့ စက်ရုံတာဝန်ရှိ သူရဲ့ အဖြေက အံ့သြစရာ။ ရေသန့်စျေးနှုန်း တိုးမြှင့်ထားခြင်း မရှိတဲ့အတွက် ၅၀၀ ကျပ်ပဲ ပေးလိုက်ပါတဲ့။ ရေသန့်ပို့တဲ့ လုပ် သားတွေ သူတို့ဘာသာ တိုးကောက်တာ ဖြစ်လိမ့်မယ်ဆိုပဲ။ ဘယ်လိုပြောရမလဲ။ ဘဲရီးတော့ မဂွတ်တာ သေချာတယ်။ စက်ရုံက သတ်မှတ်စျေးနှုန်းကို လုပ်သားတွေက ထင်သလို တိုးကောက်တယ်ဆိုတော့။
.
မြန်မာနိုင်ငံမှာ ရေသန့်ယဉ်ကျေးမှု ထွန်းကားတာ ဆယ်စု နှစ်တွေ ချီလာခဲ့ပါပြီ။ လူတိုင်းအိမ်တိုင်းလည်း ရေသန့်ဘူးယဉ် ကျေးမှုနဲ့ ယဉ်ပါးနေပြီလို့ ဆိုရမှာပါ။ သောက်ရေသန့်ဆိုတာ လူတိုင်းအတွက် မရှိမဖြစ် နေ့စဉ်အသုံးပြုရတဲ့ ပစ္စည်းတစ်ခု လည်း ဖြစ်ပါတယ်။ ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့ပေါ်မှာ ဆိုရင် ရေသန့်အမှတ်တံဆိပ်မျိုးစုံ ထုတ်လုပ်ဖြန့်ချိ ရောင်းချနေ တာကို တွေ့ရပါတယ်။ ကိုယ့်အမှတ်တံဆိပ်ကို စည်းနဲ့ ကမ်းနဲ့ ရောင်းချတဲ့ ရေသန့်ကားတွေ ရှိသလို၊ ပစ်စလက်ခတ် ကြုံသ လို ရောင်းတဲ့ကားတွေလည်း အများအပြား ရှိပါတယ်။ ရောင်း ရရင်ပြီးရောဆိုတဲ့ ခပ်ညံ့ည့ံစိတ်ဓာတ်တွေနဲ့ ကိုယ့်အမှတ်တံ ဆိပ် တန်ဖိုးကိုယ်တိုင် ဖျက်ဆီးတာတွေလည်း တွေ့နေရပါ တယ်။ စက်ရုံသတ်မှတ်စျေးနှုန်းအတိုင်း မရောင်းဘဲ ရေသန့်ပို့ လုပ်သားတွေ စိတ်ကြိုက်စျေးနှုန်းတင်ရောင်းတာမျိုးလည်း ဖြစ်သင့်တဲ့ အခြေအနေတစ်ခုလို့ ထင်မြင်မိကြောင်းပါ။

No comments:

Post a Comment

Journal Download

Photo of three cats

About