တောင်ကြီး၌ ဗုဒ္ဓရုပ်ပွားတော်မြတ်များ ဖျက်ဆီးခံရမှုနှင့် ပတ်သက်၍ စည်ပင်အား အမှုဖွင့်တိုင်ကြား - Kanbawza Tai News

Kanbawza Tai News

#StayAtHome

Breaking

Boxed(True/False)

Sunday, February 23, 2020

တောင်ကြီး၌ ဗုဒ္ဓရုပ်ပွားတော်မြတ်များ ဖျက်ဆီးခံရမှုနှင့် ပတ်သက်၍ စည်ပင်အား အမှုဖွင့်တိုင်ကြား

ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ် မြို့တော်၊ တောင်ကြီးမြို့၊ စိန်ပန်းရပ်ကွက်၊ ပြည်တော်အေးလမ်း၊ အောင်မြေဘုံစံ သာမဏေကျော် ကျောင်းတိုက်နှင့် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး အနီးရှိ ဗုဒ္ဓရုပ်ပွား တော်မြတ်များ ဖျက်ဆီးခံရမှုနှင့် ပတ်သက်၍ တောင်ကြီးမြို့နယ်စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများကို အောင်မြေဘုံစံကျောင်းတိုက် ဂေါပက အဖွဲ့မှ ယနေ့ ဖေဖော်ဝါရီလ ၂၃ ရက်၊ ညနေပိုင်းတွင် တောင်ကြီးမြို့မရဲစခန်း၌ အမှုဖွင့်တိုင်တန်းခဲ့သည်ဟု သိရသည်။
.
“ဗုဒ္ဓရုပ်ပွားတော်၊ ဆင်းတုတော်တွေကို ဖျက်ဆီးတာ၊ မြေပေါ်မှာချတာဟာ ယုတ်ညံ့စေတယ်။ ဗုဒ္ဓဘာသာဝင်တွေ အတွက် ယုံကြည်ကိုးကွယ်ရာကို စော်ကားတဲ့အတွက် ဥပဒေအရ အရေးယူပေးဖို့ ရဲကို တိုင်လိုက်တာပါ။ ဒါနဲ့ပတ်သက်လို့ ဆရာတော်၊ သံဃာတော်တွေကလည်း အလွန်အမင်း စိတ်မကောင်း ဖြစ်နေရပါတယ်” ဟု အောင်မြေဘုံစံသာမဏေကျော် ကျောင်းတိုက် ဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
စိန်ပန်းရပ်ကွက်၊ ပြည်တော်အေးလမ်းရှိ မဟာဗောဓိပင် ပလ္လင်ခွေ၌ ကိန်းဝပ်စံပယ်တော်မူသည့် ဗုဒ္ဓမြတ်စွာဘုရား ရုပ်ပွားတော် ဆင်းတုတော်များအား ဖေဖော်ဝါရီလ ၂၀ ရက်၊ နံနက်ပိုင်း က တောင်ကြီးမြို့နယ်စည်ပင်သာယာရေးဌာန မှ ဝန်ထမ်းအိမ်ရာ တည်ဆောက်ရန်အတွက် ဖျက်ဆီးဖယ်ရှားနေစဉ် သံဃာတော်များက ဗုဒ္ဓရုပ်ပွားတော်များကို ဖျက်ဆီးသည့် စည်ပင်သာယာရေးဌာနကို အရေးယူပေး၊ သာ သနာတော် ဖျက်ဆီးသူများ အလိုမရှိ စာသားများ ပါဝင်သည့် စာရွက်များ ကိုင်ဆောင်ကာ ကန့်ကွက်ဆန္ဒ ဖော်ထုတ် ခဲ့ပြီးနောက် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် တင်ကိုကိုနှင့် တောင်ကြီးခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုလွင် တို့က ဗုဒ္ဓ ရုပ်ပွားတော်များကို မူလအတိုင်း ပြန်တည်ပြီး မြေရာဇဝင်ကို ပြန်လည်စစ်ဆေးကာ သာသနာတော် မညှိုးနွမ်းစေရေး အတွက် အလေးထား အဆင်ပြေအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  လာရောက်ညှိနှိုင်းလျှောက်ထားခဲ့သည့် အတွက် ကန့်ကွက်မှုကို ရပ်နားခဲ့ကြောင်း သိရသည်။
.
“၈၈ တောင်ကြီးမြို့မှာ ကုလား-ဗမာ အရေးအခင်းဖြစ်တာ ဘုန်းကြီးနဲ့ ဖြစ်တာပါ။ ဘုန်းကြီးရဲ့ ကိုရင်လေးကို စော်ကား လို့ ဖြစ်တာပေါ့။ အဲဒီကနေပြီး ဒီနေ့ ဒီမိုကရေစီရရှိရေး ဒို့အရေး ဖြစ်လာတာပါပဲ။ ကိုရင်လေးထိတာတောင် မခံတဲ့ ရဟန်းတစ်ပါးက ဘုရားကိုထိရင် ဘယ်လောက်ထိ ခံစားရလဲဆိုတာ အားလုံးသိစေချင်တာပါ” ဟု အောင်မြေဘုံစံ ကျောင်းတိုက်မှ ၈၈၈၈ ဆရာတော် ဘဒ္ဒန္တ ခေမာနန္ဒက ကမ္ဘောဇတိုင်းသို့ မိန့်ကြားခဲ့သည်။
.

တိုင်ကြားမှုနှင့် ပတ်သက်၍ တောင်ကြီးမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး သူရ တင်ဝင်းအောင်အား ကမ္ဘောဇတိုင်းမှ ဆက်သွယ်မေးမြန်းရာတွင် “လောလောဆယ်တော့ ဆောင်ရွက်ဆဲဘဲ ရှိသေးတယ်၊ အမှုဖွင့်ပြီးရင် ပြန်ပြောပေးမယ်” ဟုသာ ဖြေကြားခဲ့ပြီးနောက်  ထပ်မံဆက်သွယ် မေးမြန်းရာတွင် ဖုန်းကိုင် ဖြေကြားခြင်း မပြုတော့ပေ။

.
ဖယ်ရှားခံရသည့် ရုပ်ပွားတော်များမှာ လွန်ခဲ့သည့် ၁၉၈၂ ခုနှစ်မှ စတင်၍ ရဟန်းသံဃာများနှင့် အများပြည်သူ ကောင်းမှုဖြင့် တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်ပြီး ထိုသို့ ဗုဒ္ဓရုပ်ပွားတော်မြတ်များ ဖျက်ဆီးခံရမှုနှင့် ပတ်သက်၍ ရှမ်းပြည်နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့က လည်း ဖေဖော်ဝါရီလ ၂၂ ရက်တွင် ကန့်ကွက်ကြောင်း သဘောထားကြေညာချက် ထုတ်ပြန်ကြေညာထားသည်။
.
အဆိုပါ ဗုဒ္ဓရုပ်ပွားတော်များ ဖျက်ဆီးရာတွင် ဦးဆောင်ခဲ့သည့် တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာနမှ AE ဦးဆန်းအောင်အား တောင်ကြီးမြို့မရဲစခန်းတွက် (ပ)၂၈၅/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၉၅ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိပြီး ကျန် တာဝန်ရှိသူများကိုပါ အမှုဖွင့်နိုင်ရေး ဆောင်ရွက်လျှက် ရှိကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)