မိုင်းဆတ်မြို့နယ်တွင် မူးယစ်ဆေးနှင့် လက်နက်/ခဲယမ်းများကို ပိုင်ရှင်မဲ့အဖြစ် ထပ်မံ ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Saturday, February 29, 2020

မိုင်းဆတ်မြို့နယ်တွင် မူးယစ်ဆေးနှင့် လက်နက်/ခဲယမ်းများကို ပိုင်ရှင်မဲ့အဖြစ် ထပ်မံ ဖမ်းမိ


ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်၊ မိုင်းတွမ်းတောင်ပေါ်ကျေးရွာအုပ်စု အတွင်း၌ ဖေဖော်ဝါရီလ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် မူးယစ်ဆေးဝါးများ၊ ဆက်စပ်ပစ္စည်းများ၊ လက်နက်/ခဲယမ်းများနှင့် ကျည်ကာ အင်္ကျီများကို တပ်မတော် လုံခြုံရေး တပ်ဖွဲ့ဝင်များက ပိုင်ရှင်မဲ့အဖြစ် ဖမ်းမိခဲ့ကြောင်း သိရသည်။
.
တပ်မတော်မှ လုံခြုံရေး တပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီလ ၂၇ ရက်၊ ညနေ ၅ နာရီခန့်တွင် မိုင်းတွမ်းကျေးရွာ၏ မြောက်ဘက် မီတာ ၉၀၀၀ ခန့်အကွာရှိ တောအတွင်းမှ ပွိုင့်-၂၂ သေနတ် တစ်လက်၊ ၎င်းကျည်အိမ် တစ်ခု၊ ၎င်းကျည် ၄၁ တောင့်နှင့် မိုင်းတွမ်းကျေးရွာ၏ အနောက်မြောက်ဘက် မီတာ ၁၁၀၀၀ ခန့် အကွာရှိ မုန်ညင်းခင်းနှင့် အနီးတစ်ဝိုက်တို့၌ ကျင်းတူး သိုဝှက်မြှုပ်နှံထားသည့် ဆေးပြားရိုက်စက် အစိတ်အပိုင်း ၂ စုံ၊ POLICE တံဆိပ်ပါ ကျည်ကာအင်္ကျီ ၅ ထည်နှင့် AK ကျည်အိမ် ၉ ခုတို့အား ပိုင်ရှင်မဲ့ အဖြစ် သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
.

ယင်းနေ့ ည ၈ နာရီခွဲခန့်တွင် ခပူထွန်းကျေးရွာ၏ အရှေ့ဘက် မီတာ ၁ဝဝဝ ခန့်အကွာ၌ မော်တော်ဆိုင်ကယ် ၂ စီးအား စစ်ဆေးရန် ရပ်တန့်ခိုင်းရာ ရပ်တန့်ခြင်း မရှိဘဲ ဆိုင်ကယ်ပေါ်တွင် တင်ဆောင်လာသည့် ဆာလာအိတ် ၂ အိတ်အား ပစ်ချ၍ မောင်းနှင်ထွက်ပြေးသွားခဲ့သဖြင့် ဆာလာအိတ်များအား ဖွင့်ဖောက်စစ်ဆေးရာ ကျပ်သိန်း ၄၅၀၀ တန်ဖိုးရှိ 999 တံဆိပ်နှင့် WY စာတန်းပါ စိတ်ကြွ ရူးသွပ်ဆေးပြား ၃ဝဝဝဝဝ ပြား အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
.

ထို့အတူ ဖေဖော်ဝါရီလ ၂၈ ရက်တွင် မိုင်းတွမ်းကျေးရွာ၏ အနောက်မြောက်ဘက် မီတာ ၈ဝဝဝ အကွာရှိ ချုံပုတ်တစ်ခုအတွင်း ဝှက်ထားသော ကျပ်သိန်း ၄၂၀၀ ကျော် တန်ဖိုးရှိ ဆာလာအိတ်အတွင်းမှ 999 စာတန်းပါ အထုပ် ၂ ထုပ်ဖြင့် ထုပ်ထားသည့် WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၂ဝဝဝဝဝ ပြား၊ ICE အဖြူရောင်အခဲ ၂ ကီလိုဂရမ်ခန့်ကို လည်းကောင်း၊ နမ့်ခမ်းကျေးရွာအနီးမှ စိတ်ကြွဆေးပြား ပြုလုပ်ရာတွင် အသုံးပြုသည့် အဖြူရောင်အမှုန့် ၄ ဒသမ ၆ ကီလိုဂရမ်ခန့်၊ ဘိန်းဖြူမှုန့် ၄ ဒသမ ၈ ကီလိုဂရမ်ခန့်တို့အား လည်းကောင်း၊ ပါဟိုးကျေးရွာနေ ဒေါ်မိရိုး၏ နေအိမ်ခြံဝင်း အတွင်းမှ ဆာလာအိတ်ဖြင့် ထည့်၍ ကျင်းတူးမြှုပ်နှံထားသည့် ၄ဝ မမ ဗုံးသီး ၂ လုံး၊ အေကေကျည် ၄၈၃ တောင့်၊ အမ်-၁၆ ကျည် ၆၄၄ တောင့်၊ ပွိုင့်-၃၈ ကျည် ၉၄ တောင့်၊ ပွိုင့်-၄၅ ကျည် ၈၈ တောင့်၊ ၉ မမကျည် ၄၇ တောင့်၊ ၇ ဒသမ ၆၂ ကျည် ၁၂ တောင့်၊ ပစ္စတိုကျည်အိမ် ၂ ခု၊ ARMY တံဆိပ်ပါ ပြောက်ကျားကျည်ကာအင်္ကျီ တစ်ထည်တို့ကို ပိုင်ရှင်မဲ့အဖြစ် ထပ်မံတွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်က သတင်း ထုတ်ပြန်ခဲ့သည်။
.
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၆ ရက်တွင်လည်း ကျပ်သိန်းပေါင်း ၂၁၀၀၀ ရှိ မူးယစ်ဆေးဝါးများနှင့်အတူ ပစ္စတို ၃ လက်၊ ပွိုင့်-၂၂ သေနတ် ၂ လက်၊ တစ်လုံးထိုးသေနတ် ၆ လက်၊ ပစ္စတိုကျည်အိမ် ၃ ခု၊ ပွိုင့်-၂၂ ကျည်အိမ် ၂ ခု၊ ၉ မမကျည် ၂၉ တောင့်၊ ပွိုင့်-၂၂ ကျည် ၅၁ တောင့်နှင့် ၁၂ ဗို့ကျည် ၁၉ တောင့်တို့အား ပိုင်ရှင်မဲ့ အဖြစ် သိမ်းဆည်းရမိခဲ့သည်။
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်၊ မိုင်းတွမ်းတောင်ပေါ်ကျေးရွာအုပ်စု အတွင်း၌ ယခု ရက်ပိုင်းအတွင်း ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းရမိသည့် လက်နက်/ခဲယမ်းနှင့် ဆက်စပ် ပစ္စည်းများမှာ ပစ္စတို ၃ လက်၊ ပွိုင့်-၂၂ သေနတ် ၃ လက်၊ တစ်လုံးထိုးသေနတ် ၆ လက်၊ ပစ္စတိုကျည်အိမ် ၅ ခု၊ ပွိုင့်-၂၂ ကျည်အိမ် ၃ ခု၊ AK ကျည်အိမ် ၉ ခု၊ ၉ မမကျည် ၇၆ တောင့်၊ ပွိုင့်-၂၂ ကျည် ၁၉၂ တောင့်၊ ၁၂ ဗို့ကျည် ၁၉ တောင့်၊ အေကေကျည် ၄၈၃ တောင့်၊ အမ်-၁၆ ကျည် ၆၄၄ တောင့်၊ ပွိုင့်-၃၈ ကျည် ၉၄ တောင့်၊ ပွိုင့်-၄၅ ကျည် ၈၈ တောင့်၊ ၇ ဒသမ ၆၂ ကျည် ၁၂ တောင့်၊ ပစ္စတိုကျည်အိမ် ၂ ခု၊ ၄ဝ မမ ဗုံးသီး ၂ လုံး၊ ARMY တံဆိပ်ပါ ပြောက်ကျားကျည်ကာအင်္ကျီ တစ်ထည်၊ POLICE တံဆိပ်ပါ ကျည်ကာအင်္ကျီ ၅ ထည်တို့ ဖြစ်ပြီး၊ သိမ်းဆည်း ရမိသော မူးယစ်ဆေးဝါးများ၏ ခန့်မှန်တန်ဖိုးငွေမှာ ကျပ်သိန်းပေါင်း ၂၉၇၀၀ ကျော် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats

About