ဒေသခံလူထုအား ကိုရိုနာဗိုင်းရပ်စ် (2019-nCoV) ရောဂါပိုးကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ (ဝူဟန်) အကြောင်း အသိပညာပေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Monday, February 3, 2020

ဒေသခံလူထုအား ကိုရိုနာဗိုင်းရပ်စ် (2019-nCoV) ရောဂါပိုးကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ (ဝူဟန်) အကြောင်း အသိပညာပေး


ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့၊ မြို့တော်ခန်းမတွင် ယနေ့ ဖေဖော်ဝါရီလ ၃ ရက်၊ နေ့လယ်ပိုင်းက ကိုရိုနာဗိုင်းရပ်စ် (2019-nCoV) ရောါပိုးကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ (ဝူဟန်) နှင့်ပတ်သက်၍ သိသင့် သိထိုက်သည့် အကြောင်းအရာများကို ရှမ်းပြည်နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေသခံလူထုအား အသိပေညာပေး မျှဝေဆွေးနွေးခဲ့သည်ဟု သိရသည်။
.
.
ဆွေးနွေးပွဲတွင် ရှမ်းပြည်နယ် အဆုတ်ရောင်ရောင်ဂါ 2019 Novel Coroanvirus (2019-nCoV) စောင့်ကြည့်စစ်ဆေး ကုသရေး ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး၊ ရှမ်းပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ သူဇာချစ်တင်က ရောဂါ စတင်ဖြစ်ပွားမှု၊ ကူးစက်ပျံ့နှံ့မှု၊ လိုက်နာရမည့် လမ်းညွှန်ချက်များ၊ ကျန်းမာရေးအသိပညာများ ကို အသိပေးဟောပြောခဲ့ပြီး တက်ရောက်လာသူများမှ သိရှိလိုသည်များကို ပြန်လည်မေးမြန်းရာ ရှမ်းပြည်နယ်ကုသ ရေးနှင့် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ သူဇာချစ်တင်က ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။
.
“လက်ရှိမှာတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ သတင်းထုတ်ပြန်မှုတွေကို ကြည့်ပြီးတော့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက သတင်းထုတ်ပြန်ချက်တွေ၊ လိုက်နာရမယ့် လမ်းညွှန်ချက်တွေကို ထုတ်ပြန်ပေးနေပါတယ်။ ရှမ်းပြည်နယ် အနေနဲ့ဆိုရင် အခုချိန်အထိတော့ သံသယလူနာ မရှိသေးပါဘူး” ဟု ဒေါက်တာသူဇာချစ်တင်က ပြောသည်။
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့တွင် ဇန်နဝါရီလ ၂၆ ရက် ညပိုင်းက ဝမ်းလျှော၊ အဖျားရောဂါဖြင့် ဆေးရုံ တက်ရောက်လာသည့် တရုတ်နိုင်ငံသူ အမျိုးသမီးနှင့် တောင်ကြီးမြို့ရှိ စဝ်စံထွန်းဆေးရုံသို့ ဖေဖော်ဝါရီလ ၂ ရက်က လွှဲပြောင်းရောက်ရှိလာသည့် ကိုရီးယားနိုင်ငံသားတို့မှာ ကိုရိုနာရောဂါနှင့် ဆက်စပ်မှုမရှိသဖြင့် ဆေးရုံတွင် ဆက်လက် စောင့်ကြည့်ထားခဲ့ပြီး တရုတ်နိုင်ငံသူမှာ ရောဂါသက်သာသဖြင့် ဆေးရုံမှ ဆင်းသွားပြီးဖြစ်ကာ ကိုရီးယားနိုင်ငံသားမှာ ဆေးရုံတွင် ဆက်လက်စောင့်ကြည့်ထားဆဲဖြစ်ကြောင်း သိရသည်။
.
“တခြားနိုင်ငံက ဝင်လာတဲ့သူလည်းဖြစ်မယ်။ ပြီးတော့ ၂ ရက်ကနေ ၁၄ ရက်အတွင်းလည်း ဖြစ်မယ်ဆိုရင် ဆေးရုံကို ရောက်လာတာနဲ့ စောင့်ကြည့်လူနာအဖြစ် ထားရှိပါတယ်။ အဲဒီလို စောင့်ကြည့်နေစဉ်မှာ လက္ခဏာတွေ ပိုဆိုးလာရင် တော့ သံသယလူနာအဖြစ် သတ်မှတ်ပြီးတော့ ဓါတ်ခွဲစစ်ဆေးဖို့ လုပ်ရပါတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။
.
လက်ရှိ ဖြစ်ပွားနေသော ပြင်းထန်အဆုတ်ရောင်ရောဂါသည် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်က တရုတ်နိုင်ငံ၊ ဝူဟန် မြို့မှ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တရုတ်နိုင်ငံမှတဆင့် ထိုင်း၊ ဂျပန်၊ တောင်ကိုရီးယားအပါအဝင် ယနေ့အချိန်အထိ ကမ္ဘာ့နိုင်ငံပေါင်း ၂၇ နိုင်ငံသို့ ရောဂါပိုး ကူးစက်ခဲ့ခြင်းဖြစ်သည်။
.
ယနေ့ ဖေဖော်ဝါရီလ ၃ ရက်၊ ညနေပိုင်းအထိ ကမ္ဘာနိုင်ငံ ၂၇ နိုင်ငံတွင် ဝူဟန် (ခေါ်) ကိုရိုနာဗိုင်းရပ်စ် (2019-nCoV) ကူးစက်ခံရသူ ၁၇၄၈၈ ဦးနှင့် သေဆုံးသူ တရုတ်နိုင်ငံတွင် ၃၆၁ ဦး၊ ဖိလစ်ပိုင်နိုင်ငံတွင် ၁ ဦး၊ စုစုပေါင်း ၃၆၂ ဦး ရှိကာ ပြန်လည်သက်သာလာသူ (Cured) ၄၈၇ ဦး ရှိလာပြီဖြစ်ကြောင်း သိရသည်။
.
ပြင်းထန်အဆုတ်ရောင် ကိုရိုနာရောဂါပိုးသည် အသက်ရှူလမ်းကြောင်းမှတဆင့် ဝင်ရောက်နိုင်သည့်အပြင် အရာဝတ္ထုများ၌ ထိကပ်နေသော ရောဂါပိုးများအား လက်ဖြင့် ကိုင်တယ်ထိတွေ့ရာမှ ကူးစက်နိုင်ကြောင်း သိရသည်။
.
ရောဂါပိုး ကူးစက်မှု မခံရစေရန်အတွက် အဆုတ်ရောင်ရောဂါ လက္ခဏာ ခံစားနေရသူများနှင့် အနီးကပ် ထိတွေ့ခြင်းမှ ရှောင်ကြဉ်ခြင်း၊ လက်ကို မကြာခဏ စင်ကြယ်အောင်ဆေးကြာခြင်း၊ နှာချေ၊ ချောင်းဆိုရာတွင် နှာခါင်းနှင့် ပါးစပ်ကို လုံခြုံအောင် ဖုံးအုပ်ခြင်း၊ တစ်ကိုရေသန့်ရှင်းရေး ဂရုပြုဆောင်ရွက်ခြင်း၊ အာဟာရပြည့်ဝစွာ စားသုံးခြင်း၊ ကောင်းစွာ အိပ်စက်အနားယူခြင်း၊ တိရစ္ဆာန်များအား အကာအကွယ်မပါဘဲ တိုက်ရိုက်ကိုင်တွယ်ခြင်း တို့ဖြင့် ကြိုတင်ကာကွယ်နိုင်ကြောင်း သိရသည်။
.
အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့ ရပ်ကွက်/ကျေးရွာများမှ ဒေသခံပြည်သူများ၊ ဟိုတယ်လုပ် လုပ်ကိုင်သူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ စုစုပေါင်း ၄၀၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About