လားရှိုးတွင် အမျိုးသမီး တစ်ဦးအား ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်၍ ​စောင့်ကြည့်​နေ - Kanbawza Tai News

Breaking

Boxed(True/False)

Thursday, February 13, 2020

လားရှိုးတွင် အမျိုးသမီး တစ်ဦးအား ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်၍ ​စောင့်ကြည့်​နေ

ရှမ်းပြည်နယ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ​ဒေသ၊ လောက်ကိုင်မြို့နယ်တွင် နေထိုင်သော အသက် ၁၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးအား ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်၍ လားရှိုး ပြည်သူ့​ဆေးရုံ၌ ​ဖေ​ဖော်ဝါရီလ ၁၃ ရက်တွင် ​စောင့်ကြည့်မှုများ ပြုလုပ်​နေလျက်ရှိ​ကြောင်း သိရသည်။
.

" ဟုတ်ပါတယ်၊ ​လောက်ကိုင်က အမျိုးသမီး​ပေါ့၊ လွန်ခဲ့တဲ့ လက တရုတ်မှာ အူအတက်​ပေါက်လို့ သွား ခွဲပြီး ပြန်​ရောက်လာတယ်။ ဖျားပြီး​တော့ ​လောက်ကိုင်က​နေ လားရှိုး​ဆေးရုံ လာတက်တာ​ပေါ့။ ​ဆေးရုံ​ရောက်တဲ့အချိန်မှာ ခွဲထားတဲ့ အနာက မကျက်ဘူး၊ ပြည်တည်တယ်။ ဒီမှာ ခွဲပြီး ပြည်ကို ထုတ်ရတယ်။ တစ်ခါတည်း ဓါတ်မှန် ရိုက်ကြည့်​တော့ အဆုတ် ပွတာ​တွေ့တယ်။ တရုတ်ကလည်း ပြန်လာတယ်။ ဖျားလည်း ဖျား​တော့ စောင့်ကြည့်လူနာ ဆိုပြီး တင်ထားတာ​ပေါ့။ " ဟု ရှမ်းပြည်နယ် ​မြောက်ပိုင်း ကုသ​ရေးနှင့် ပြည်သူ့ကျန်းမာ​ရေး ဦးစီးဌာနမှူး ​ဒေါက်တာ တင်​မောင်ညွန့်က က​မ္ဘောဇတိုင်းသို့ ​ပြောသည်။
.
အဆိုပါ အမျိုးသမီးသည် တရုတ်နိုင်ငံ၊ လန်ချန်းဆေးရုံတွင် ဇန်နဝါရီလ ၂၁ ရက်မှ ​ဖေ​ဖော်ဝါရီလ ၂ ရက်အထိ အူအတက် ပေါက်၍ ခွဲစိတ်ကုသမှု ခံယူခဲ့ပြီး​နောက် လောက်ကိုင်မြို့သို့ ​ဖေ​ဖော်ဝါရီလ ၄ ရက်တွင် ပြန်လည်ရောက်ရှိလာကာ ​ဖေ​ဖော်ဝါရီလ ၉ ရက်မှ စ၍ ကိုယ်အပူချိန်မြင့်တက်ခြင်း၊ ခွဲစိတ်ထားသော ချုပ်ရိုးနေရာမှ ပြည်များ စိမ့်ထွက်ခြင်း စသည့် ခွဲစိတ်မှု၏ နောက်ဆက်တွဲ ပြဿနာများဖြင့် ​ဖေ​ဖော်ဝါရီလ ၁၃ ရက်တွင် လားရှိုးပြည်သူ့ဆေးရုံသို့ ပြသ၍ ကုသမှုခံယူ​နေခြင်း ဖြစ်​ကြောင်း သိရသည်။
.
လူနာ အမျိုးသမီးမှာ တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သည့် ခရီးသွားရာဇဝင်ရှိခြင်းနှင့် ကိုယ်အပူချိန် မြင့်တက်နေခြင်းတို့ကြောင့် လက်ရှိ အခြေအနေအရ ခွဲစိတ်မှု၏ နောက်ဆက်တွဲ ပိုးဝင်ခြင်း ဖြစ်နိုင်သော်လည်း ပိုမို သေချာမှုရှိစေရန် စောင့်ကြည့်လူနာအဖြစ် သီးခြားထားရှိ ကုသမှုပေး၍ ဓါတ်ခွဲနမူနာရယူ၍ ရည်ညွန်းဓါတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးရန် စီစဉ်ဆောင်ရွက်လျက်ရှိ​ကြောင်း ကျန်းမာ​ရေးနှင့် အားကစားဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။
.
ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်၍ ဓါတ်ခွဲအဖြေစောင့်နေရသူများ အနေဖြင့် ယခင်က တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံတွင် ၁ ဦး၊ မောက်မယ်ဆေးရုံတွင် ၄ ဦး စုစုပေါင်း ၅ ဦးရှိပြီး မြန်မာနိုင်ငံ၌ ​ရောဂါ ကူးစက်ခံရသူ မရှိ​သေးဘဲ ကမ္ဘ့ာနိုင်ငံ ၂၈ နိုင်ငံတွင် ဖေဖော်ဝါရီလ ၁၃ ရက်၊ နံနက်ပိုင်းအထိ ကူးစက်ခံရသူ ၆၀၃၇၃ ဦး၊ သေဆုံးသူ ၁၃၆၉ ဦး ရှိကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)